အကျဉ်းသားချစ်ပို လွတ်ငြိမ်းဖြင့် လွတ်မြောက်လာပြီ ဆိုသည့် သတင်းအမှားများကို ထုတ်လွှင့်နေသူများရှိရာ ရပ်တန်းက ရပ်ကြရန်နှင့် ဆက်လက်လုပ်ဆောင်နေသည်ဆိုပါက ဥပဒေအရ အမှုဖွင့်အရေးယူမှုများဆောင်ရွက်သွားမည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အကျဉ်းသားချစ်ပိုသည် ရာဇ၀တ်မှုများဖြင့် ထောင်ဒဏ် တစ်သက်၊ သေဒဏ် ချမှတ်ခံထားရသည့် အကျဉ်းသားဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေသူ ဖြစ်သည်ဟု အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောသည်။
လူမှုကွန်ယက်အချို့တွင် အကျဉ်းသားချစ်ပိုသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွတ်လာသည့်အတွက် ရပ်ကွက်နေပြည်သူများ ကြောက်ရွံ့နေကြကြောင်း၊ ထို့အတွက်ကြောင့် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများကို အရေးယူပေးရန်နှင့် ဌာနကို ပုတ်ခတ်သည့် သတင်းများကို ဖော်ပြလျှက်ရှိနေကြသည်ကို တွေ့ရသည်။
ယင်းသတင်းများသည် အခြေအမြစ်မရှိသော သတင်းအမှားများဖြစ်သည်ဟု အကျဉ်းဦးစီးဌာနက ပြောဆိုသည်။ အထက်ပါ သတင်းအမှားများကို ထုတ်လွှင့်နေခြင်းကို ထောင်ဆူရန် သွေးထိုးလှုံဆော်နေခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနဘက်က မှတ်ချက်ပြုခဲ့သည်။
သတင်းအမှားများကို မိသားစု ထောင်ဝင်စာတွေ့ချိန် အကျဉ်းသားမှတဆင့် ထောင်တွင်းအကျဉ်းသားများ သိရှိစေရန် လှုံဆော်နေခြင်းဖြစ်သည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။
ချစ်ပို အကျဉ်းချခံနေရသည့် ထောင်ကို အကျဉ်းဦးစီးဌာန ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
ဧပြီလထဲမှ စကာ အကျဉ်းထောင်အချို့တွင် လူသေဆုံးသည်အထိ ထောင်ဆူမှုဖြစ်ပေါ်ခဲ့သည်။
ဇွဲခန့်
Isee Media







0 comments:
Post a Comment