Tuesday, May 28, 2019

အစိုးရသစ်တက်တိုင်း မူဝါဒနှင့် ဥပဒေအမိန့်ညွှန်ကြားချက်များ ကိုအားနည်းချက်တွေ့တိုင်းဖျက်သိမ်းပြောင်းလဲပါက နိုင်ငံ ကျရှုံးသည်အထိဖြစ်လာနိုင်


လက်ရှိနိုင်ငံရေးစနစ်အရ ငါးနှစ်တစ်ကြိမ် အစိုးရတစ်ဖွဲ့ တက်လာသည့် အခါတိုင်း ထုတ်ပြန်ထားသည့် အမျိုးသားရေး မူဝါဒများနှင့် ဥပဒေ အမိန့်ညွှန်ကြားချက်များကို အားနည်း ချက်တစ်ခုတွေ့သည်နှင့် ဖျက်သိမ်းခြင်း၊ ပြောင်းလဲခြင်းပြုလုပ်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ရပ်တန့်နေရာမှ ကျရှုံးသည်အထိ ဖြစ်လာနိုင်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက မေလ ၂၇ ရက်တွင်ပြောကြားလိုက်သည်။ 
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင် သွင်း သည့် ''မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂ဝ၃ဝ ပြည့် နှစ်တွင် လျှပ်စစ်စွမ်းအားရာနှုန်း ၁ဝဝ ပြည့်ဝစွာရရှိရေး ဆောင်ရွက်နေရာ ယင်း ကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှုများဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း''အဆိုနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ယင်းသို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။ 
ထို့အတူ လက်ရှိကျင့်သုံးနေသည့် အမိန့်ညွှန်ကြားချက်များကို ပြန်လည်သုံးသပ်ပြီး ရေးဆွဲထားသည့် တိကျခိုင်မာသည့်မူဝါဒနှင့် အညီ အမျိုးသားအကျိုးစီးပွားကို စေတနာမှန်စွာဆောင်ရွက်ပေးကြ ရန်လည်း ဦးသောင်းအေးက ဆက်လက်ပြောကြားခဲ့သည်။ 
ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အဆိုကို ဝန်ကြီး ဌာနအနေဖြင့် လေးလေး နက်နက်ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။ 
အဆိုရှင်ကလည်း အဆိုကို အတည်ပြု ပေးရန် တင်ပြခဲ့သဖြင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ ကန့်ကွက်သူ မရှိသဖြင့် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ 

The Ladies News


0 comments:

Post a Comment