အမျိုးသားရေးဆရာတော် ဦးဝီရသူအား တရားဥပဒေအရ အရေးယူနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အချက်အလက်များစုစည်းနေသည်ဆိုသော်လည်း ၎င်းအား ဖမ်းဆီးအရေးယူနိုင်မည့် ဖမ်းဝရမ်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့ ရောက်မလာသေးကြောင်း ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ပြောသည်။
နေပြည်တော် ပြည်ထဲရေးဝန်ကြီးရုံးတွင် မေ ၂၇ ရက်ကပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ တတိယ တနှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဖမ်းဝရမ်းထုတ်ထားသည့်တရားခံများအား ဖမ်းဆီးဆောင်ရွက်နိုင်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်တဦးက မေးမြန်းခဲ့သည်။
“ဦးဝီရသူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ၀ရမ်းအခုချိန်ထိမရသေးပါဘူး”ဟု ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ပြောသည်။
ဆက်လက်ပြီး တောင်ဒဂုံမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခဆန်ဆန်ဖြစ်ရပ်တွင်ပါဝင်သဖြင့် ဖမ်းဝရမ်ထုတ်ခံထားရသော မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့မှာ ပဲခူးတွင်ခြေရာဖျောက်သွားသည်ဟု သုံးသပ်ရကြောင်း၊ ငြိမ်းချမ်းရေးယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းတခုထံ တိမ်းရှောင်သွားသည်ဟု သတင်းရရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါအမေးကို ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းကဖြေကြားရာတွင် “ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးအကြောင်းပြပြီး ဆူပူမှုဖြစ်အောင်လုပ်ဆောင်ခဲ့တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်ဟာ ၀ရမ်းရရခြင်း သူတို့နေထိုင်တဲ့နေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ ဆောင်ရွက်တဲ့အခါမှာ အိမ်ကရှောင်တိမ်းသွားကြောင်း သိရပါတယ်။ ပဲခူးကို ထွက်သွားတယ်။ ကျွန်တော်တို့ လိုက်ပါတယ်။ ၁၆ ရက်နေ့ ည ၈း၅၀ နာရီမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာရှိတဲ့ တိုးဂိတ်ကိုဖြတ်သွားတယ် သတင်းကြားပါတယ်။ ၁၉ ရက်နေ့ မနက်တနာရီခွဲမှာ မိုက်ကယ်ကျော်မြင့် စီးသွားတဲ့ကားကို ကျောက်စိမ်းဘုရားမှာတွေ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ကျော်မြင့်ကို မတွေ့ရတော့ဘဲ သူနဲ့ ပတ်သက်တဲ့ အမျိုးသမီးတယောက်ကို တွေ့ရပါတယ်။ တကယ်တော့ မိုက်ကယ်ကျော်မြင့်ဟာ ပဲခူးမှာ ခြေရာဖျောက်ပြီး လိုင်းကားနဲ့ပြောင်းစီးသွားကြောင်း သုံးသပ်ချက်ရရှိခဲ့ပါတယ်။ မိုက်ကယ်ကျော်မြင့်ဟာ အရင်က ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းတခုရဲ့ စီးပွားရေးတာဝန်ခံတဦးဖြစ်တာကြောင့် အဲဒီအဖွဲ့ထဲကို မိုက်ကယ်ကျော်မြင့်ရော သီဟမျိုးနိုင်ပါ သွားပြီးတိမ်းရှောင်နေတယ်လို့ သတင်းရတာကြောင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း” ပြောသည်။
ထွန်း(နေပြည်တော်)
News Watch







0 comments:
Post a Comment