အွန်လိုင်းဝဘ်ဆိုက်ဒ်နဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာကို အသုံးချပြီး သတင်းအတုတွေ၊ သတင်းအမှားတွေနဲ့ သတင်းတွေကို ကူးချပြီး ဖြန့်ဝေနေတဲ့ ဆိုက်ဒ်ပေါင်း ၃၁ ခုကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်းကကျင်းပခဲ့တဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင်ကြီး ၄ ရပ်အလုပ်ရုံဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေအရ သတင်းခိုးယူမှုစောင့်ကြည့်ရေးအဖွဲ့ကို ဖွဲ့ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီနောက် သတင်းခိုးယူမှုစောင့်ကြည့်ရေးအဖွဲ့ကနေ ပေးပို့လာတဲ့ အွန်လိုင်းဝဘ်ဆိုက်ဒ်နဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွေကို မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ထားခြင်းရှိမရှိကို စိစစ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကောင်စီရဲ့ မေလ ၂၇ ရက်နေ့က ကြေညာချက်ထဲမှာဖော်ပြ ထားပါတယ်။
" ကောင်စီကတော့ ဒီလို သတင်းအမှားတွေ သတင်းခိုးတာတွေ လုပ်နေတဲ့ Page တွေကို ထုတ်ပြန်ကြေညာခြင်းအားဖြင့် အရေးယူတာပေါ့။ တရားစွဲတာတွေ ဘာတွေကတော သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားစွဲရမှာပါ။ အစိုးရက စောင့်ကြည့်နေတယ်ဆိုတဲ့ Social Media စောင့်ကြည့်တဲ့ အဖွဲ့က အရေးယူတာမျိုးတွေ လုပ်သင့်တာပေါ့။"လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်ကပြောပါတယ်။
အခုထုတ်ပြန်ထားတဲ့ သတင်းခိုးယူဖြန့်ဝေတဲ့ ဆိုက်ဒ်တွေဟာ တခါတရံမှာ သတင်းတွေနဲ့ အတူ အချက်အလက်အမှားတွေကို ဖြန့်ဝေတတ်ကြပြီး လူအနည်းငယ်ကပဲလုပ်ဆောင်နေတယ်လို့ယူဆရတယ်လို့သူကဆက်ပြောပါတယ်။ သတင်းခိုးယူမှုစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ ဆက်လက်စောင့်ကြည့်နေမှာဖြစ်ပြီး နောက်ထပ်တွေ့ရတဲ့ ဆိုက်ဒ်တွေကိုလည်း ထုတ်ဖော်သွားမယ်လို့ကောင်စီက ကြေညာပါတယ်။

Photo - Myanmar Press Council
Duwun

0 comments:
Post a Comment