Monday, June 24, 2019

အီရန် ဘာသာရေးဦးသျှောင် ခါမေနီကို ဆန်ရှင်ချမှတ်တဲ့ အထူးအမိန့်အား ထရမ့် လက်မှတ်ထိုး


အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန် ဘာသာရေးဦးသျှောင် အယာတိုလက်ရှ် ခါမေနီကို ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်တဲ့ အထူးအမိန့်ကို ဇွန် ၂၄ ရက်မှာ ဘဲဥပုံရုံးခန်းအတွင်း လက်မှတ်ထိုး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 
အီရန်ရဲ့ ရန်ဆွတဲ့ အပြုအမူတွေအတွက် ပြင်းထန်ပြီး တူညီတဲ့ တုံ့ပြန်မှုဖြစ်တယ်လို့ ထရမ့်က ပြောရင်း အခု အထူးအမိန့်ကို လက်မှတ်ထိုး ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ 
၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ ပြီးခဲ့တဲ့နှစ်က အမေရိကန် နုတ်ထွက်ပြီး အီရန်အပေါ် အရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လာချိန်ကစလို့ အီရန်နဲ့ အမေရိကန်ကြား တင်းမာနေခဲ့တာပါ။ 
မကြာသေးခင်က အရှေ့အလယ်ပိုင်းမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတာကို အမေရိကန်က အီရန်ကို အပြစ်ဆိုရင်း တင်းမာမှုက အရှိန်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အမေရိကန်ကို စစ်ဒရုန်းယာဉ်တစ်စီးကို အီရန်က ပိုင်နက်ကျူးကျော်တယ်ဆိုပြီး ပစ်ချခဲ့ပါတယ်။ 
အမေရိကန်ဖက်က ပိုင်နက်ကျူးကျော်ခြင်း မရှိဘူးလို့ ငြင်းဆန်ရင်း အီရန်အပေါ် စစ်ပြင်တဲ့အထိ တင်းမာမှုဟာ တိုက်ရိုက်ထိပ်တိုက်တွေ့မှုအထိ ဦးတည်သွားခဲ့ပါတယ်။ 
ဒါပေမယ့် စစ်ချီတဲ့ နောက်ဆုံးမိနစ်မှာပဲ ထရမ့်ဟာ သူ့ရဲ့ စစ်မိန့်ကို ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းယာဉ် ပစ်ချခံရတာအတွက် လက်တုံ့ပြန်ရာမှာ လူတွေ ရာနဲ့ချီ သေဆုံးမှာက တူညီတဲ့ တုံ့ပြန်မှု မဖြစ်ဘူးလို့ ဆိုရင် စစ်မိန့်ကို ပြန်ရုပ်သိမ်းလိုက်တာပါ။ 
ဒီလို စစ်မိန့်ရုပ်သိမ်းပေမယ့် အီရန်အပေါ် ပြင်းထန်ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်မယ်လို့ တမြန်နေ့က ကြေညာရင်း ခုလို လက်မှတ်ထိုး အတည်ပြုလာခဲ့တာပဲ ဖြစ်ပါတယ်။ 
အီရန်ကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အီရန်အပေါ် ဘာမှ သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ ထရမ့် လက်မှတ်မထိုးရသေးခင် အချိန်မှာပဲ တုံ့ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment