၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်တောင်းခံငွေအား တိုင်းလွှတ်တော်သို့ တင်ပြစဉ် ပါဝင်သော အသုံးစရိတ်နှင့် ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြသည့်အခါ ပါဝင်သော အသုံးစရိတ်များ ပြောင်းလဲမှု ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအား ဇွန် ၂၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ကော်မတီ၏ သဘောထား မှတ်ချက်နှင့် အစီရင်ခံစာအား ယင်းကော်မတီဥက္ကဋ္ဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက် တောင်းခံငွေကို တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြစဉ်မှာ ပါဝင်လာတဲ့ အသုံးစရိတ်များနဲ့ ဘဏ္ဍာရေးကော်မရှင်ကို တင်ပြတဲ့အခါ ပါဝင်လာတဲ့ အသုံးစရိတ်များ ပြောင်းလဲမှု ရှိနေပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသန လိုဏ်ဂူတော်ကြီး၌ ၅၉ ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား၏ လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရန် ကျပ် ၈၂ သန်း၊ ကျေးလက် လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်း၊ တံတား လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ကျောက်တန်းမြို့နယ်တွင် လုပ်ငန်းသစ် သုံးခုနှင့် ထန်းတပင်မြို့နယ်တွင် လုပ်ငန်းသစ် သုံးခုတို့သည် မူလဖြည့်စွက် ခွင့်ပြုငွေ တောင်းခံစဉ်က ပါဝင်ခဲ့ခြင်းမရှိဘဲ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြပြီးနောက် လုပ်ငန်းသစ်များအဖြစ် ထပ်မံ ပါဝင်လာခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း ဦးတင့်လွင်က ပြောကြားသည်။
“လုပ်ငန်းသစ်များ ထည့်သွင်းခြင်းတွေအတွက် ဘဏ္ဍာရေး ကော်မရှင်ကို မတင်ပြမီ လွှတ်တော်မှာ ဆွေးနွေး ဆုံးဖြတ် အတည်ပြုချက် ရယူသင့်ပါတယ်။ အခုလို ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့တဲ့အတွက် ဥပဒေကြမ်းအဖြစ် တင်ပြတဲ့အခါ လွှတ်တော်က သိရှိခြင်း မရှိသေးတဲ့ လုပ်ငန်းအသစ်တွေ ပါဝင်လာတဲ့အတွက် စိစစ်ထောက်ပြခြင်း၊ လျှော့ချခြင်း၊ ပြောင်းလဲ သတ်မှတ်ခြင်းတို့ကို တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနဲ့အညီ လွှတ်တော်က ဆောင်ရွက်တဲ့အခါ တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ သုံးစွဲခွင့်ပမာဏကို လျော့ကျ ထိခိုက်နိုင်တဲ့အတွက် လုပ်ငန်းအသစ် ထည့်သွင်းခြင်းနဲ့ လုပ်ငန်း ပြောင်းလဲ ဆောင်ရွက်ခြင်းတို့ကို ဘဏ္ဍာရေး ကော်မရှင်ကို မတင်ပြမီ လွှတ်တော်ကို ညှိနှိုင်းပြီး အတည်ပြုချက် ရယူသင့်ပါတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။
ထို့ပြင် သာမန် အသုံးစရိတ်၌ လျှော့ချခံခဲ့ရသည့် ငွေစာရင်း ခေါင်းစဉ်များကို စိစစ်ရာတွင် ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ စရိတ်များ၊ စက်ကရိယာများနှင့် ယာဉ်ပြင်ဆင် ထိန်းသိမ်းခြင်း စရိတ်များ၊ အဆောက်အအုံ ပြင်ဆင် ထိန်းသိမ်းခြင်း စရိတ်များ၊ လျှော့ချခံရသည်ကို တွေ့ရှိရကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ရုံးသုံး စက်ကရိယာ ဝယ်ယူခြင်း၊ ထွန်စက်များ ပြင်ဆင်ခြင်း၊ အဆောက်အအုံ အကြီးစား ပြင်ဆင်ခြင်းစသည့် လုပ်ငန်းများအပြင် မဖြစ်မနေ ဆောင်ရွက်ရန် မလိုအပ်သည့် လုပ်ငန်းအချို့ကို လျှော့ချထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောကြားသည်။
“ ငွေလုံးငွေရင်း အသုံးစရိတ်များနဲ့ စပ်လျဉ်းပြီး ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံမှုမှာ လက်ရှိ ဆောင်ရွက်ဆဲ စီမံကိန်းများနဲ့ ယခုဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်တဲ့ ကိစ္စရပ်များကိုသာ ဦးစားပေး တောင်းခံသင့်ပါတယ်” ဟု ဦးတင့်လွင်က ဆိုသည်။
Eleven Media Group







0 comments:
Post a Comment