Friday, June 28, 2019

စပိန်တွင် အပူလှိုင်းဖြတ်ပြီး နေ့အပူချိန် ဆက်တိုက်မြင့်တက်


စပိန်နိုင်ငံ အရှေ့မြောက်ဘက်က ကာတာလိုးနီးယား ဒေသတလျှောက်မှာ တောမီးတွေ လောင်နေပြီး တချိန်တည်းမှာပဲ နိုင်ငံတွင်း အပူလှိုင်းဖြတ်တာ နှစ်ရက်မြောက်နေ့ ဇွန်လ ၂၇ ရက်နေ့မှာ နေ့အပူချိန်တွေ ဆက်တိုက်မြင့်တက်နေပါတယ်။ 
ကြာသာပတေးနေ့က စပိန်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ နေ့အပူချိန် ၄၄ ဒီဂရီ ဆဲလ်စီးယပ်နဲ့ မြို့တော် မက်ဒရစ်မှာ နေ့အပူချိန် ၄၁ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပါတယ်။ 

နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ပြည်နယ် ၉ ခုမှာ နေ့အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်ကနေ ၄၂ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိနိုင်တယ်လို့ စပိန် မိုးလေဝသ အေဂျင်စီ အိုင်မက်က ခန့်မှန်းပါတယ်။ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ ဘက်စကယ်ဒေသက ဘီစကိုင်ပြည်နယ်နဲ့ ဂီပိုစကော်ရာပြည်နယ်မှာ နေ့အပူချိန် အမြင့်ဆုံး ရောက်ရှိနိုင်တာကြောင့် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် လာမယ့်ရက်တွေမှာလည်း စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ အပူချိန် မြင့်တက်နိုင်တယ်လို့ အိုင်မက် မိုးလေဝသ အေဂျင်စီက ခန့်မှန်းပါတယ်။ 

ဇွန်လမှာ စပိန်နိုင်ငံတွင်း အပူအလွန်အမင်း မြင့်တက်လာတာက အာဖရိကဒေသက ပူနွေးတဲ့လေ ဝင်ရောက်လာတာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

DVB

No comments:

Post a Comment