Wednesday, June 26, 2019

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား နိုင်ငံတော်သမ္မတတက်ရောက်


နေပြည်တော်ရှိ MICC 2 မှာ ဇွန်(၂၆)ရက်မနက်ပိုင်းကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ နိုင်ငံတော်သမ္မတက မူးယစ်ဆေးဝါး အန္တရာယ်ကို စုပေါင်းပြီးနှိမ်းနင်းကြဖို့ အလေးအနက်ထား တိုက်တွန်းခဲ့ပါတယ်။ 
“ဒီကနေ့ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက်ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်မှာ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားဟာ မတွေးဝံ့စရာအခြေအနေကို ဆိုက်ရောက်လာနိုင်တယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဖြည်းဖြည်းချင်း ၀ါးမြိုပြီး ကျွန်တော်တို့ လူငယ်တွေကို အညွန့်ချိုးနေတဲ့၊ ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အနာဂတ်ကို ဖြည်းဖြည်းချင်းနင်းချေပစ်နေတဲ့ ဒီမူးယစ်ဆေးဝါးအန္တရာယ်ကို ကျွန်တော်တို့အားလုံး ပြည်သူနဲ့အတူ စုပေါင်ပြီး နှိမ်နင်းကြဖို့ အထူးအလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်” လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ 
အဲဒီအခမ်းအနားမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာပေး ဝတ္တုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ စတဲ့ ပြိုင်ပွဲတွေက ဆုရရှိတဲ့သူတွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆုတွေချီးမြှင့်ခဲ့ပါတယ်။ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတနဲ့အတူ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ သံအမတ်ကြီးတွေနဲ့ စစ်သံမှူးတွေ၊ ကုလသမဂ္ဂ ကိုယ်စား လှယ်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မူးယစ်ဗဟိုအဖွဲ့ဝင်တွေနဲ့ ဖိကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 



သတင်း-ကေသွယ်စန်း
One News Myanmar 

No comments:

Post a Comment