မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက် ပေါ်ပေါက်နေဆဲဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် ဘေးရန်ကင်းကင်း ပြန်လာနိုင်ရေးအတွက် အခြေအနေတွေဖန်တီးပေးဖို့အတွက်လည်း မြန်မာအာဏာပိုင်တွေဘက်က ပျက်ကွက်နေဆဲဖြစ်နေတယ်လို့ ၄၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေး ဖွင့်ပွဲနေ့ မနေ့က ကော်မရှင်နာမင်းကြီး Michelle Bachelet က ထုတ်ပြန်ပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လူသားချင်းစာနာကူညီရေးအဖွဲ့တွေနဲ့ သတင်းမီဒီယာတွေကို ကန့်သတ်ထားပြီး၊ ဆက်လက်ပေါ်ပေါက်နေတဲ့တိုက်ပွဲတွေမှာ လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘက်အားလုံးမှာ အသက်တွေဆုံးရှုံးခဲ့ရပြီး၊ ဒေသခံအရပ်သားတွေ မှာလည်း ကြီးမားတဲ့သက်ရောက်မှုတွေ ခံစားနေကြရကြောင်း၊ နောက်ထပ် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ နေရာ ရွှေ့ပြောင်းရဖွယ်အခြေအနေတွေ ပေါ်ပေါက်လာမယ့်အရေး အထူးစိုးရိမ်ရကြောင်း၊ အခုထိ ရခိုင်၊ ရိုဟင်ဂျာ၊ မရို၊ ဒိုင်နက်၊ ခမီး စတဲ့ တိုင်းရင်းသားတွေ ဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ပြေးလွှား ခိုအောင်းနေကြရပြီး၊ လူသားချင်းစာနာကူညီရေးတွေကို အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် အနည်းဆုံး ဒုက္ခသည် ကိုးသောင်းခွဲ အကူအညီတွေ ပြတ်တောက်နေရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒီအတွင်း တနင်္ဂနွေနေ့က ဘန်ကောက်မြို့မှာ အာဆီယံဆွေးနွေးပွဲကျင်းပနေစဉ် ထိုင်းနိုင်ငံ ရောက် ရိုဟင်ဂျာတွေက အာဆီယံဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာအစိုးရထံ တောင်းဆိုတဲ့ ကြေညာချက်တစ်စောင်ပေးပို့ဖို့ ကြိုးစားခဲ့ပေမယ့်၊ ထိုင်းလုံခြုံရေးတပ်ဖွဲ့က တားဆီးခဲ့တဲ့အတွက်၊ အဲဒီကြေညာချက်ကို သတင်းထောက်တွေကိုသာ ပေးခဲ့ပါတယ်။ ကြေညာချက်မှာ နိုင်ငံသား စိစစ်ရေး နဲ့ နိုင်ငံသားဖြစ်ခွင့်၊ ဒုက္ခသည်တွေ သူတို့ဆန္ဒအတိုင်းဘေးကင်းရန်ကင်း ပြန်လာရေး၊ ပညာရေး၊ ကျန်းမာရေး ၊ အလုပ်အကိုင်အခွင့်အရေး စတာတွေ သာတူညီမျှရှိဖို့ ဖော်ပြထားပြီး၊ ထိုင်း နဲ့ အာဆီယံနိုင်ငံတွေကိုလည်း ရိုဟင်ဂျာတွေအပေါ် အကူအညီပေးကြဖို့ တောင်းဆိုထားပါတယ်။
Photo: REUTERS
(ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet )
RFA

No comments:
Post a Comment