Monday, June 24, 2019

တောင်သူသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရခြင်းနှင့် တရားစွဲဆို ခံရခြင်းကို သတင်းစာရှင်းလင်းပွဲပြုလုပ်


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အတွင်းရှိ ဘူးကုန်းကျေးရွာမှ တောင်သူသပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း၊ ဒေသခံတောင်သူ ၅၀ ကို မတရားပုဒ်မများဖြင့် တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် တောင်သူများက သတင်းစာရှင်း လင်းပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အိုလံပစ် တာဝါတွင် ဇွန်၂၄ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ 
'မေ ၃၁ ရက်မှာ ကျွန်တော်တို့ ဆောက်ထားတဲ့ တဲတွေကို ဂေါ်တွေနဲ့ထိုးဖျက်၊ ငှားခေါ်လာတဲ့ အလုပ် သမားတွေနဲ့ဖျက်ပြီးတော့ ကျွန်တော်တို့ကိုလည်း ဖမ်းကြ တာပါ။ ကျွန်တော်တို့က ထွက်ပြေးတော့ သုံးယောက် အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရတဲ့ သုံးယောက်ထဲက တစ်ယောက်ကိုတော့ အရက်ကြောင် ကြောင်နေတယ် ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ကျွန်တော်တို့ ထွက်ပြေးနေ တဲ့ တောင်သူ ၅၀ လောက်ကိုတော့ အခု မတရားပုဒ်မတွေ နဲ့ တရားစွဲဆိုထားတာ သိရပါတယ်။ ကျွန်တော်တို့တတ် နိုင်သလောက် တိုင်စာပို့တာတွေ လုပ်လို့ရမယ်ထင်တာ အကုန်လုပ်မှာပါ'ဟု ဘူးကုန်းကျေးရွာဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးဖိုးအေးက ပြောဆိုသည်။ 
ဘူးကုန်းကျေးရွာ လယ်သမား ၉၀ ကျော်သည် မတရားသိမ်းဆည်းခံ လယ်ယာ မြေဧကပေါင်း၁၂၉၅ ဧက ပြန်လည်ရရှိရေးအတွက် သပိတ် စခန်းဖွင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲရာမှ အကြမ်းဖက်ဖြိုခွင်းခံရခြင်းနှင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောဆိုသည်။ 
'မေ ၃၁ ရက်ကစပြီးတော့ နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါ ရဲအင်အား ၁၅ ယောက်၊ ၁၀ ယောက်၊ ၈ ရက်နေ့ကတော့ လူများတယ်။ ရဲအင်အား ၇၀ နဲ့ လာတယ်။ ဒါပေမဲ့ သုံးယောက် ဖမ်းထားတာအပြင် နောက်ထပ်ဖမ်းတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ဒီလိုခဏခဏလာပြီး ခြိမ်းခြောက်တဲ့ အပြုအမူမျိုးဆိုတော့ ကျွန်တော်တို့မှာ စီပွားရေးလည်း လုပ်လို့မရဘူး။ အိမ်မှာလည်း နေလို့မရဘူး။ကျီးလန့်စာစားနေရတဲ့ပုံစံ မျိုးနဲ့ ကျွန်တော်တို့ နေနေရတယ်'ဟု ဘူးကုန်းကျေးရွာဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးထိုက်က ပြောဆိုသည်။ 
၁၉၈၉ ခုနှစ်ပတ်ဝန်းကျင်တွင် အစေ့ထုတ်ပြောင်း စီမံကိန်းဟုဆိုကာ ကန့်ဘလူ မြို့နယ်အတွင်းရှိ လယ်ယာမြေဧကပေါင်း ၅၀၀၀ ကျော် အဓမ္မသိမ်းဆည်းခံခဲ့ရခြင်းဖြစ် ပြီး အဆိုပါသိမ်းဆည်းခံရမှုတွင် ဘူးကုန်းကျေးရွာမှ လယ်ယာမြေဧက ပေါင်း၁၂၉၅ ဧက လည်း ပါဝင်ကြောင်း ဘူးကုန်းကျေးရွာ လယ်သမားများထံမှ သိရသည်။ 
သတင်း၊ ဓာတ်ပုံ - ဝေယံဟိန်း
The Standard Time Daily 

No comments:

Post a Comment