နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့် အရေးယူထားသူ နေပြည်တော်တိုင်းမ် မှုခင်းစုံဂျာနယ်မှ ဦးအောင်ထိုက်ကို ဂန့်ဂေါမြို့မရဲစခန်းက အာမခံပေးထားကြောင်း ကျန်းမာရေးဝန်ထမ်းဟောင်း ဆရာမ ဒေါ်သန်းသန်းမြင့်ထံမှ သိရသည်။
“ကျွန်မအလှည့်တုန်းက အချုပ်ထဲမှာ နေခဲ့ရတယ်။ အခု ကျွန်မဘက်က အမှုဖွင့်တော့ ရဲက အာမခံပေးတယ်။ အာမခံမရတဲ့ နိုင်လွတ်လုံ ပုဒ်မ ၁၀ ကို ဘာလို့ အာမခံပေးလိုက်တာလဲ နားမလည်နိုင်ဘူး”ဟု ဒေါ်သန်းသန်းမြင့်က ပြောသည်။
ဆိုင်ကယ်အတွင်း မူးယစ်ဆေး ထည့်၍ မမှန်သတင်းပေး တိုင်ကြားခံရသူ ကျန်းမာရေးဝန်ထမ်းဟောင်း ဆရာမဒေါ်သန်းသန်းမြင့်မှာ ဇူလိုင် ၂၅ ရက်နေ့က ဂန့်ဂေါမြို့မ ရဲစခန်းတွင် နေပြည်တော် တိုင်းမ် မှုခင်းစုံဂျာနယ်မှ ဦးအောင်ထိုက်ကို နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အရေးယူပေးပါရန် တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဆရာမ ဒေါ်သန်းသန်းမြင့်မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလက ဂန့်ဂေါမြို့နယ် တရားရုံးတွင် နေပြည်တော်တိုင်းမ် မှုခင်းစုံဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝရိန်မိုးကို ကာမလိမ်လည်ရယူမှုဖြင့် လည်းကောင်း၊ သတင်းထောက် ဦးမောင်ဇော်(ပွင့်ဖြူ)ကို ငွေကြေးလိမ်လည်ရမှုတို့ဖြင့်လည်းကောင်း တရားစွဲဆိုအမှု ရင်ဆိုင်နေချိန်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
“ကျွန်မရဲ့ ဆိုင်ကယ်အတွင်းမှာ စိတ်ကြွဆေးပြားတွေကို အကွက်ဆင် ထည့်ထားပြီး တရားရုံးကနေ အပြန်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာလို့ မမှန်သတင်းပေး တိုင်ကြားခဲ့ကြတယ်။ ကျွန်မဘဝတွေ ပျက်ခဲ့ရတယ်။ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ထဲဝင်ခဲ့ရတယ်။ ဒါကြောင့် ဒီလူတွေအားလုံးကို တရားပြန်စွဲမယ်”ဟု ဒေါ်သန်းသန်းမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မူးယစ်မှုဖြင့် အမှုရင်ဆိုင်နေရချိန်တွင် အလုပ်တာဝန်မှထုတ်ပယ်ခံရပြီး ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရကြောင်းနှင့် ဂန့်ဂေါမြို့နယ်တရားရုံးက မှန်ကန်မျှတစွာ တရားစီရင်ပေးမှုကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ဆေးပြားပစ် အကွက်ဆင်ဖမ်းဆီးခံရသည့် အမှုမှ တရားသေလွတ်မြောက်ခဲ့ကြောင်း ဒေါ်သန်းသန်းမြင့်က ပြောသည်။
“အခု အလုပ်ပြန်ဝင်ဖို့ မနက်ဖြန်ကျရင် အစီရင်ခံစာတင်ရမယ်”ဟု ကျန်းမာရေးဝန်ထမ်းဟောင်း ဆရာမဒေါ်သန်းသန်းမြင့်က ဆိုသည်။
ကျန်းမာရေးဝန်ထမ်းဟောင်း ဆရာမဒေါ်သန်းသန်းမြင့်နှင့် အမှုရင်ဆိုင်နေသော နေပြည်တော်တိုင်းမ် မှုခင်းစုံဂျာနယ်မှ ဦးဝရိန်မိုးနှင့် သတင်းထောက် မောင်ဇော်တို့ နှစ်ဦးကို တရားရုံးက ဖမ်းဝရမ်း ထုတ်ထားသော်လည်း ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခံရသူ ဦးအောင်ထိုက် အာမခံရရှိခြင်းနှင့်ပတ်သက်၍ The Voice Daily သတင်းထောက်က ဂန့်ဂေါမြို့မရဲစခန်းမှူးထံ မေးမြန်းနိုင်ရန် အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
The Voice
No comments:
Post a Comment