Tuesday, July 2, 2019

မြန်မာနိုင်ငံ၏ (၁၂၂) နိုင်ငံမြောက်အဖြစ် ဘီနင်သမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ်ထူထောင်


မြန်မာနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနှင့် သံတမန်ရေးရာအရ အဆက်အသွယ်ထူထောင်လျှက်ရှိရာတွင် လက်ရှိ ၁၂၂ နိုင်ငံမြောက်ထူထောင်ခြင်းအဖြစ် သံတမန်အဆက်အသွယ် ထူထောင်ခြင်းကို ဘီနင်သမ္မတနိုင်ငံနှင့်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ 
ဘီနင်သမ္မတနိုင်ငံနှင့် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထူထောင်ခြင်း ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးမှုကို ဇူလိုင် ၂ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ပြုလုပ်ခဲ့ပြီး ၄င်း သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် ကုလသမဂ္ဂဆိုင်ရာ ဘီနင်အမြဲတမ်းကိုယ်စားလှယ် H.E. Ambassador Jean-Claude Félix do Regoတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘီနင်သမ္မတနိုင်ငံတို့၏ သံတမန်အဆက်အသွယ်ထူထောင်ခြင်းကို နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် ဇူလိုင် ၂ရက်က စတင်ကာ သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူကြီးများ၊ အပြည်ပြည်ဆိုင်ရာဥပဒေ တို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန်အတွက် ၄င်းသံတမန်အဆက်အသွယ် ထူထောင်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ 
Isee Media 


No comments:

Post a Comment