ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေမှာ မဖုန်းအင်တာနက်လိုင်းတွေကို အစိုးရက ယာယီပိတ်ထားတာကြောင့် မောင်တောခရိုင်ထဲမှာ နေထိုင်နေတဲ့ ဒေသခံပြည်သူတွေ အခက်အခဲ တွေ့နေကြပါတယ်။
မောင်တောခရိုင်အတွင်း MPT အင်တာနက်ဆက်သွယ်မှုမှာ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းက ပြတ်တောက်သွားခဲ့ပြီး Mytel အင်တာနက်လိုင်း| တယ်လီနောလိုင်းနဲ့ အော်ရီဒူးဖုန်းလိုင်းတို့မှာ ဇွန်လ ၂၁ ရက်နေ့ ည ၁၀ နာရီမှ စပြီး ပြတ်တောက်သွားခဲ့တာပါ။
ဖုန်းအင်တာနက်လိုင်းတွေ ရပ်ဆိုင်းလိုက်တာကြောင့် အန်ဂျီအိုနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေ၊ ဌာနဆိုင်ရာတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် နစ်နာမှုတစုံတရာမရှိဘဲ ပြည်သူတွေ သာ အခက်အခဲတွေ့နေရတယ်လို့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော် က ပြောပါတယ်။
ဘူးသီးတောင်မြို့မှာ ဆေးဆိုင်ဖွင့်လှစ် ရောင်းချသူ ကိုဝင်းဇော်ကလည်း အင်တာနက် ဖြတ်ထားတာကြောင့်သူတို့ ဆေးဆိုင်တွေအတွက် ဆေးမှာယူရာမှာ အလွန် ဒုက္ခရောက်နေတယ် လို့ ပြောပါတယ်။
ဆေးကုမ္ပဏီတွေကတဆင့် ဆေးဖြန့်ချိရေးလုပ်ဆောင်နေတဲ့ ကိုဇော်ကလည်း သူအနေနဲ့ ဆေးတွေမှာယူဖြန့်ချိရာမှာ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
အင်တာနက်လိုင်းတွေဖြတ်ထားတာကြောင့် Wave money၊ True money၊ KBZ pay စတဲ့ အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေလည်း မောင်တောမြို့မှာ ရပ်တန့်ကုန်ပါတယ်။
အေးဂျင့် အဖြစ် လုပ်ဆောင်နေတဲ့ မောင်တောမြို့နေ ဒေါနုနုထွေးကတော့ “ငွေလွှဲနိုင်တဲ့ အေးဂျင့်တွေအားလုံးယူထားပါတယ်။ အခုအင်တာနက်ပိတ်ထားတဲ့အတွက် ဘာတခုမှ သုံးမရတော့တာကြောင့် အင်တာနက်လိုင်းတွေကို အမြန်ဆုံးဖွင့်ပေးစေလိုပါတယ်” လို့ ပြောပါတယ်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာပါ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခံ ထားရတာပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှ မြို့ ၉ မြို့မှာ အင်တာနက်ပိတ်ထားရတာဟာ လူမျိုးရေး အမုန်းပွားနေတာကို တားဆီးနိုင်ဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
ကျော်လင်းဦး
DVB







0 comments:
Post a Comment