နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသော အသက် ၃ နှစ်ဝန်းကျင်ကျောင်းသူ အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်ပြီး တရားခံကိုအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပေးရန် သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောလိုက်သည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် အသက် ၃ နှစ်ဝန်းကျင် ကျောင်းသူအဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ ပြီးခဲ့သော ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်က သက်ဆိုင်ရာရဲစခန်းတွင် လာရောက်တိုင်တန်းအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
“ဘာလို့ကြာနေသလဲပေါ့နော်။ အစ်မက စိတ်မြန်တဲ့သူဆိုတော့လေ။ ဒါပေမဲ့ သူတို့မှာလည်း အကြောင်းတော့ ရှိမှာပေါ့။ အစ်မကတော့ အမှုမှန်ကို အမြန်ဆုံးပေါ်စေချင်တယ်။ တရားခံ အစစ်အမှန်ကို အမြန်ဆုံးဖမ်းမိစေချင်တယ်။ အဲဒီလိုမျိုးဖြစ်တာ ကိုယ်သားသမီးမဟုတ်ပေမယ့် ကိုယ်သားသမီးလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ အစ်မလည်း သမီးမိန်းကလေး မွေးထားတဲ့အတွက် ဒီသတင်းကြားကြားချင်း မခံစားနိုင်ဘူး။ အစ်မအနေနဲ့တော့ ဒီကိစ္စကို လုံးဝဝန်းရံတယ်။ အစ်မဆိုရင် အခု Facebook Profile တောင် ပြောင်းထားတယ်။ အစ်မကတော်ရုံ Profile မပြောင်းဘူး။ အစ်မရဲ့ သမီးလေးပုံပဲထားတယ်။ အဲဒီသတင်းကြားကြားချင်လည်း မခံစားနိုင်ဘူး။ တာဝန်ရှိတဲ့သူတွေလည်း အမြန်ဆုံးဖော်ထုတ်ပေးပါလို့ အစ်မကတော့ တောင်းဆိုချင်တယ်။” ဟု သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ဇမ္ဗူသီရိမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ထားသော်လည်း ကျောင်းတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု Wisdom Hill မှ တာဝန်ရှိသူများက မီဒီယာများထံ ရှင်းလင်းပြောဆိုခဲ့ကာ အမှုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်က CID သို့ လွှဲပြောင်းကာ စစ်ဆေးနေကြောင်း သိရသည်။
မျိုးကေခိုင် ( အကုန်သိ သတင်းဌာန )


No comments:
Post a Comment