YPS ကတ်စနစ်ကို YBS ယာဉ်လိုင်းတစ်မျိုးတည်းတွင်သာ ကနဦး စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းများတွင် အသုံးပြုမည့်ကတ်စနစ်ကို ယခု ၂၀၁၉ ခုနှစ်အတွင်း အမြန်ဆုံး စတင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားသည်။
“ ကတ်စနစ်ကို အမြန်ဆုံးစတင်နိုင်ဖို့အတွက်ကြိုးစားနေတယ်။ လောလောဆယ် ယာဉ်စီးခတစ်မျိုးတည်း ပေးချေလို့ရတယ်။ ဒီစနစ်အောင်မြင်မှသာ နောက်ပိုင်းကျရင် Water Bus၊ ရထား၊ ဈေးဝယ်စင်တာတို့မှာ အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လောလောဆယ် YBS အတွက် ဦးစားပေးလုပ်နေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
လက်ရှိတွင် ကတ်စနစ်အမြန်ဆုံးစတင်နိုင်ရန် ဆောင်ရွက်နေပြီး ကတ်ဖြတ်သည့်စက်များကို ဝယ်ယူရန် ပြင်ဆင်နေကာ မှာယူထားသည့် စက်ပစ္စည်းများရောက်ရှိလာပါက YBS 56 ၊ YBS 57 ၊ YBS 58 ယာဉ်လိုင်း တို့တွင် စတင်တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“ YBS ကတ်စနစ် အမြန်ဆုံးပေါ်ပေါက်လာရေးကိုပဲ ဦးစားပေးဆောင်ရွက်နေတယ်။ ခွင့်ပြုချက်တွေလည်း ကျပြီဆိုတော့ စက်ပစ္စည်းတွေကိုလည်းမှာထားတယ်။ မကြာခင်ရောက်တော့မယ်။ ယာဉ်လိုင်းအားလုံးကိုတော့ တပ်ဆင်အသုံးမပြုနိုင်သေးပါဘူး။ မြို့တွင်းယာဉ်လိုင်းတွေကိုပဲ စမ်းသပ်အသုံးပြုသွားမယ်။ သတ်မှတ်ထားတဲ့ ရက်ကို ကျော်လွန်တာက နည်းပညာပိုင်းကအစသေချာပြင်ဆင်နေလို့ပါ။ နိုင်ငံခြားသားကအစ သုံးနိုင်အောင် ကတ်စနစ်ကို ဆောင်ရွက်နေတယ်။ ပြီးတော့ ယာဉ်စီးခပေးချေတဲ့နေရာမှာတင်မဟုတ်ဘဲ အခြားနေရာတွေမှာ အသုံးပြုနိုင်အောင် ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နေပါတယ်” ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
YPS ကတ်စနစ်မှာ လာမည့် ၂၀၂၀ ခုနှစ်အရောက်မှသာ လူတိုင်းအသုံးပြုနိုင်မည့်ကတ်စနစ်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
စုသက်နှင်း ( အကုန်သိ သတင်းဌာန )

No comments:
Post a Comment