Wednesday, July 24, 2019

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်နေသည့် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မေတ္တာရပ်ခံ


ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်နေသည့် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေတ္တာရပ်ခံ ပြောကြားသည်။

ဇူလိုင် ၂၃ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးမြန်းမှုအား ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက “ရခိုင်လွှတ်တော် ကိုယ်စားလှယ် အချို့က ရွေးကောက်ပွဲ စည်းရုံးရေးကာလလောက်မှာ မတည်မငြိမ်ဖြစ်မှာ စိတ်ပူတယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲနီးလာရင် တည်ငြိမ်ဖို့ ရခိုင်လွှတ်တော် အမတ်တွေက စိုးရိမ်ကြတယ်လို့ ပြောတယ်။ ကျွန်တော်ပြောချင်တာက စိုးရိမ်ရင် တည်ငြိမ်မှုရှိအောင် သူတို့လည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါလို့ ပြောချင်တယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက “ရခိုင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို သိပါလိမ့်မယ်။ လွှတ်တော်ထဲမှာ ကျွန်တော့်အနေနဲ့ မစွပ်စွဲလိုသော်လည်း ပြောရပါလိမ့်မယ်။ တစ်ခုခုဖြစ်လာတဲ့ အခါတိုင်းမှာ ရခိုင်မှာ တည်ငြိမ်စေချင်တယ်လို့ ပြောနေတဲ့ လွှတ်တော်အမတ်တွေ ဘယ်လိုမျိုးတွေ ပြောနေသလဲ။ မီဒီယာတွေနဲ့ ပြောနေတာတွေရှိတယ်။ ဝေဖန်တာတွေရှိတယ်။ အမျိုးမျိုးပြောနေတယ်။ အဲဒီပြောဆိုချက်တွေက ခုနက သူတို့လိုချင်ပါတယ်ဆိုတဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိစေနိုင်တဲ့ ပြောဆိုချက်တွေလား။ အထောက်အကူ ဖြစ်စေနိုင်တဲ့ ပြောဆိုချက်တွေလား။ သုံးသပ်ရပါလိမ့်မယ်။ အကျိုးလိုချင်လို့မို့လို့ ပြောတဲ့ဟာလည်းရှိတယ်။ တချို့ပြောဆိုချက်တွေကလည်း အစွန်းရောက် လွန်းပါတယ်။ မည်သည့် ကိစ္စမှာမဆို အစွန်းရောက်တဲ့ ပြောဆိုချက်တွေက ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုကိုတော့ အထောက်အကူပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုပါတယ်” ဟု ပြောကြားသည်။
ထို့အပြင် စစ်ရေယာဉ်များ တိုက်ခိုက်ခံရခြင်းမှာ စစ်ရေယာဉ်များ ဖြတ်သန်းသည့် အချိန်တွင် ငါးဖမ်းပိုက်များ ချထားကြောင်း၊ ဒေသခံများ၏ အသက်မွေး ဝမ်းကျောင်းထင်၍ ရှောင်ကွင်းရာတွင် စစ်ရေယာဉ် အရှိန်နှေးသွားချိန်၌ တစ်ဖက်ကမ်းမှ အာပီဂျီနှင့် ပစ်ခြင်းဖြစ်ကြောင်း၊ ကြိုတင်ကြံစည်ပြီး ထောင်ချောက်ဆင်ထားသည့် သဘောမျိုးဖြစ်နေကြောင်း၊ ယင်းကဲ့သို့ လုပ်ခြင်းသည် ဒေသခံများ၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း၊ နောက်နောင် စစ်ဆင်ရေး ဆောင်ရွက်သည့် အခါတွင် ယင်းသို့တွေ့ပါက စဉ်းစားသုံးသပ်ရမည့်အပိုင်း ဖြစ်လာနေကြောင်း၊ ထို့အတွက် ဒေသခံပြည်သူလူထုသာ နစ်နာမည်ဖြစ်ကြောင်း၊ စစ်ရေယာဉ်များ အပစ်ခံနေပြီဖြစ်၍ လုံခြုံရေးအတွက် စိုးရိမ်စရာရှိလားဆိုပြီး မေးခွန်းထုတ်မှုအပေါ် ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊ မြေပြင်တွင် ချုံခိုတိုက်သည့်အပြင် ရေပြင်တွင်လည်း ကုန်းပေါ်မှ ချုံခိုတိုက်ခိုက်၍ ရကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေမျိုး မဟုတ်ကြောင်း၊ သို့ရာတွင် ဂရုစိုက်ရမည့် အခြေအနေ ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထု၏ ပစ္စည်းများဖြင့် ထောင်ချောက်ဆင်ခြင်းများသည် ဒေသခံ ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်သည်ဟု ပြောကြားလိုကြောင်း ၎င်းကဆိုသည်။
“အခုနောက်ပိုင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်မှု တော်တော်လေး လျော့ကျလာတဲ့ အခြေအနေမှာရှိတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာဆိုရင် တိုက်ပွဲမရှိသလောက်ပါပဲ။ လုံခြုံရေး အခြေအနေကတော့ အရင်ကထက် တပ်မတော်အနေနဲ့ ပြန်လည်ပြီးတော့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေမျိုး ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

Eleven Media Group


0 comments:

Post a Comment