Wednesday, July 24, 2019

တောင်ငူမြို့တွင် အမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို ဓာတ်ပုံချောင်းရိုက်သူအား နိုင်လွတ်လုံပုဒ်မဖြင့် အမှုဖွင့်အရေးယူ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် အမျိုးသမီးတစ်ယောက် ရေချိုးနေသည်ကို ဓာတ်ပုံချောင်းရိုက်သော အမျိုးသားတစ်ဦးအား ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက နိုင်လွတ်လုံ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး အမှတ်(၂)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဒီနေ့အမှုဖွင့်ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် ၁၀ နဲ့ ပဲဖွင့်ပါတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၈ ရက် ည ၁၁ နာရီခန့်က တောင်ငူမြို့ (၂)ရပ်ကွက်နေ ဒေါ်----( ၃၄ နှစ်)သည် ၎င်းနေအိမ်ရှိ ရေချိုးခန်းအတွင်း၌ လွတ်လပ်စွာ ရေချိုးနေစဉ် အငှားတိုက်ခန်းချင်း ကပ်လျက်နေထိုင်သူ စိုးလွင်ဦး (ခ) အုန်းသီး (၄၂ နှစ်) က ရေချိုးခန်းအတွင်း အုတ်နံရံနှင့် အမိုးအကြား ကာရံထားသော ကတ်ထူစက္ကူအားဖြဲ၍ ဖုန်းကိုင်ဆောင်ထားသော ယာဘက်လက်အား ဖြဲထားသော အပေါက်မှထိုးကာ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း၊ ထိုသို့ ဖုန်းဖြင့်ဓာတ်ပုံရိုက်နေသည်ကို ဒေါ် ---- က တွေ့မြင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဆရာဝန်အား အော်ဟစ်ကာ အကူအညီ တောင်းခံခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး----က ဓာတ်ပုံ ချောင်းရိုက်သူ စိုးလွင်ဦး (ခ) အုန်းသီးအား “မင်းဘာလို့ ငါ့မိန်းမ ရေချိုးနေတာကို ဓာတ်ပုံရိုက်တာလဲ” ဟုမေးခဲ့ရာ စိုးလွင်ဦး (ခ) အုန်းသီးက ၎င်းအနေဖြင့် ဖုန်းဖြင့်ဓာတ်ပုံရိုက်ခြင်း မရှိခဲ့ကြောင်း၊ မယုံလျှင် ၎င်းဖုန်းအား စစ်ကြည့်ပါ ဟုဆိုကာ ဖုန်းအားထိုးပေးသဖြင့်၊ ဦး----က ဖုန်းအားယူချိန်တွင် ဖုန်းပညာရှင်များနှင့် ဓာတ်ပုံ/ ဗီဒီယို ရိုက်ထားခြင်း ရှိ မရှိ စစ်ဆေးမည်ဟုပြောရာ စိုးလွင်ဦး(ခ)အုန်းသီးက ကျွန်တော်မှားပါတယ် မလုပ်ပါနဲ့” ဟုပြောဆိုပြီး ၎င်းတိုက်ခန်းထဲသို့ ပြေးဝင်သွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထို့နောက် ဦး----နှင့် ဇနီးဖြစ်သူ ဒေါ်---- တို့က တောင်ငူအမှတ်(၂) နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်း၍ စိုးလွင်ဦး၏ဖုန်းအား ဖုန်းပညာရှင်များဖြင့် စစ်ဆေးရာ ဒေါ်--- ရေချိုးနေသည့် ဓာတ်ပုံအား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု နောက်ကျနေရခြင်းမှာ ဖုန်းအား ဖုန်းပညာရှင်များနှင့်ပြသ၍ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးထားခြင်း ရှိ မရှိ စစ်ဆေးနေ၍ နောက်ကျနေရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်--- သည် နေအိမ်ရေချိုးခန်းအတွင်း လွတ်လပ်စွာ ရေချိုးနေသည်ကို အုတ်နံရံနှင့် အမိုးကြားတွင် ကာရံထားသည့် ကတ်ထူစက္ကူအား ဖောက်ဖြဲ၍ ဖုန်းဖြင့်ဓာတ်ပုံ ရိုက်ကူးခဲ့သူ စိုးလွင်ဦး (ခ) အုန်းသီးအား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင် အမှတ်(၂)အမှုဖွင့် ဆောင်ရွက်ပေးခဲ့ပြီး ၎င်းဖြစ်စဉ်မှ ဓာတ်ပုံချောင်းရိုက်သူ စိုးလွင်ဦး (ခ) အုန်းသီးမှာ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် ၎င်းအား ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း အမှတ်(၂)နယ်မြေရဲစခန်းမှ သိရသည်။
Eleven Media Group

0 comments:

Post a Comment