Tuesday, July 2, 2019

မဟန ဥက္ကဋ္ဌဆရာတော် တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူ တိုင်းမှူးဗိုလ်ချုပ်သက်ပုံ သွားရောက်ကြည်ညိုလှူဒါန်း


နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသသည် တပ်မတော်ဆေးရုံတွင် ယမန်နေ့က ဆေးကုသမှုခံယူခဲ့ကြောင်း တပ်မတော်က သတင်းရေးသားဖော်ပြသည်။ 
ရန်ကုန်ကမ္ဘာအေးကုန်းမြေ၌ သီတင်းသုံးတော်မူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ သည် ခါးနာကျင်မှုဝေဒနာ ခံစားနေရသဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီးသို့ ကြွရောက်တော်မူပြီး ဆေးဝါးကုသမှုခံယူ ခဲ့ကြောင်း၊ ဆေးကုသမှု ခံယူနေသည့် ဆရာတော်ကြီးအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းထဲတွင် ဖော်ပြထားသည်။ 
ဆေးကုသမှု ခံယူသည့် ဆရာတော်ကြီး၏ ခါးဆစ်ရိုး၊ ဒူးခေါင်းရိုး၊ အဆုတ်ဓာတ်မှန်နှင့် ၀မ်းဗိုက် တီဗွီဓာတ်မှန် (Ultrasound) ရိုက်ခြင်း စသည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများကို တပ်မတော်ဆေးရုံက ပြုလုပ်ခဲ့ရာ ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း သတင်းထဲတွင် ဖော်ပြထားသည်။ 
သံဃာမဟာနာယကအဖွဲ့ကြီးမှ တရားမ၀င်ပါဟု ကြေညာထားသော အဖွဲ့အစည်းသို့ ငွေလှူဒါန်းခြင်းသည် မဟနဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ၂ ရက်အကြာ၌ ယခုကဲ့သို့ မဟနဥက္ကဋ္ဌဆရာတော်ဘုရာကြီး ဆေးကုသသည့်သတင်း တပ်မတော်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Isee Media 

No comments:

Post a Comment