နေပြည်တော် မှ Wisdom Hill အပါအ၀င် တည်ထောင်ခွင့်ပြုမိန့် မကျဘဲ ဖွင့်လှစ်နေသည့် မူကြိုကျောင်းများ ယာယီပိတ်သိမ်းထားရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေး ကပြောသည်။
“မပြည့်စုံသေးတဲ့ အချက်အလက် မပြည့်စုံသေးတဲ့ ၁၀ ကျောင်းကတော့ တည်ထောင်ခွင့်ပြုမိန့်မရမချင်း တော့ မဖွင့်ရပါဘူးဆိုတဲ့ စာလေးတော့ ထုတ်ပြန်ပါတယ်။ဒါက ကျန်တဲ့ တိုင်းဒေသကြီးပြည်နယ်တွေမှာလည်း ထုတ်ပြန်ဖို့ထုတ်လည်းထုတ်ပြန်ထားတာ အဲ့လိုမျိုးအနေအထား ။အဲ့တော့ အဲ့ဒီ ၁၀ ကျောင်းထဲမှာ တော့ Wisdom Hill ပါနေတယ်”ဟု ဒေါ်စန်းစန်းအေး ကပြောသည်။
လက်ရှိနေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး သည် မေလ ၁၆ ရက်နေ့က မဖွယ်မရာပြုကျင့်ခံရပြီး တစ်လ ကျော်နေသည့် အတွက် အမှုမှန် မပေါ်ပေါက်သေးကြောင်း သိရသည်။
ယင်းကျောင်းသည် လက်ရှိတွင် အဆိုပါ ကိစ္စအားဖြေရှင်းနေရပြီး ၎င်း မူကြိုကျောင်းကိုလည်း ဇူလိုင်လ ၂ ရက်နေ့မှ စ၍ နှစ်ပတ်ခန့် ခေတ္တ ပိတ်ထားမည်ဟု ကျောင်းမှ အကြောင်းကြားလာကြောင်း ၎င်း ၏ ကျောင်းတွင် ကျောင်းတက်နေသည့် ကလေးတစ်ဦး၏ ဖခင်မှ ပြောသည်။
ကျောင်းကိစ္စနှင့် ပတ်သက်၍ သိရှိလိုမှုအပေါ် ကျောင်းတာဝန်ရှိသူအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
အသက် ၃ နှစ် မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများမှ “ဒီအမှုမပေါ်ပေါ်အောင်ဖော်ပါ”ဟု နှုတ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား မှာကြားထား ပြီးလက်ရှိတွင် ယင်းအမှုအား CID မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ယင်းကိစ္စနှင့် ပတ်သက်၍ သံသယရှိသူများအား ခေါ်ယူစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသော်လည်း အမှုမှန် မပေါ်ပေါက်သေးကြောင်း သိရသည်။
ပုဂ္ဂလိက မူကြိုကျောင်းများဖွင့်မည်ဆိုပါက နေ့ကလေးထိန်းဖွင့်မည်ဆိုပါက သုံးနှစ်အောက်သာ ဖွင့်ရမည်ဖြစ်ပြီး မူကြိုကျောင်း ဖွင့်မည်ဆိုပါက အသက် သုံးနှစ် နှင့် ငါးနှစ်ကြားရှိမှသာ ဖွင့်ရမည်ဟု ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးဥပဒေ တွင် ပါရှိကြောင်း ဒေါ်စန်းစန်းအေးကပြောသည်။
လက်ရှိ နေပြည်တော်ကောင်စီနယ်မြေတွင် ဇူလိုင်လမှ စတင်၍ ခွင်ြ့ပုပေးထားသည့် ၈ ကျောင်းနှင့် လက်ရှိ ခွင့်ပြုမိန့်ရရှိပြီးသား ကျောင်း ၁၇ ကျောင်းသာရှိပြီး လျှောက်ထားသည့် ကျောင်းက ၇ ကျောင်း ရှိကြောင်း သိရသည်။
The Fifth Wave News

No comments:
Post a Comment