ဝန်ထမ်းသားသမီးများအနေဖြင့် ကိုယ့်မိဘအလုပ်အတွက် ဂုဏ်ယူစေချင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးစုပေါင်းခန်းမ၌ ဇူလိုင် ၂ရက်က ကျင်းပသည့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားတွင် ပြောလိုက်ခြင်း ဖြစ်သည်။
“ ဝန်ထမ်းများအနေနဲ့ နိုင်ငံ့ဝန်ကိုထမ်းရတာ ဂုဏ်ယူသလိုဝန်ထမ်းသားသမီးများအနေနဲ့ ကိုယ့်မိဘများဟာ နိုင်ငံ့ဝန်ကို ထမ်းတဲ့ပုဂ္ဂိုလ်တွေဆိုပြီးဂုဏ်ယူစေချင်ပါတယ်။ တချို့တွေကဝန်ထမ်းလုပ်ရတာဟာ စီးပွားရေး လုပ်ငန်းရှင်တွေလောက် ဝင်ငွေမကောင်းဘူး။ ဂုဏ်မရှိဘူးလို့ ထင်ရင်လည်းထင်ကြမယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ကျောရိုးဟာ ကောင်းမွန်တဲ့ဝန်ထမ်းအဆောက်အအုံတစ်ခုပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ကျောရိုးတောင့်မှ နိုင်ငံဟာလည်းတောင့်မှာဖြစ်ပါတယ်။” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် ဝန်ထမ်းလောက၌ အမျိုးသမီး၊ အမျိုးသားတန်းတူညီရေးအတွက် မျှမျှတဖြစ်စေချင်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။
အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် အမြဲတမ်းဝန်ထမ်းဦးရေမှာ၂၀၁၄ ခုနှစ်၊ ဇွန်လကုန် စာရင်းအရ ၉၀၃၃၆၆ ဦးဖြစ်ပြီးအချိုးအစားအားဖြင့် ကျား ၄၅.၁ ရာခိုင်နှုန်းနှင့် မ ၅၄.၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
ချမ်းငြိမ်း ( အကုန်သိသတင်းဌာန )

No comments:
Post a Comment