ကျောင်းပြင်ပ မူလတန်းအစီအစဉ်ကို မြို့နယ်ပေါင်း ၈၉ မြို့နယ်ရှိ စခန်းပေါင်း ၄၂၀ တွင် ဇူလိုင် ၄ ရက်မှ စတင်ကာသင်ကြားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာပေါ်တွင်ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို မြို့နယ်(၈၉)မြို့ နယ်ရှိစခန်းပေါင်း(၄၂၀)တွင် ဇူလိုင်လ (၄)ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကာ ကျောင်းပညာရေးတက်ရောက်ရန်အခက်အခဲရှိကြသည့် အသက်(၁၀-၁၄)နှစ်အကြား ရွယ်လွန်ကလေး(၇၄၈၉)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်ကို၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှ စတင်အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနသည် မြန်မာနိုင်ငံ အထောက်အကူပြုပင်မဌာနနှင့် အခြားအဖွဲ့အစည်းများနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့သည့် (၁၂)နှစ်တာ ကာလအတွင်းကျောင်းပြင်ပမူလတန်းပညာရေးတွင် ပညာသင်ယူခွင့်ရရှိသူ(၉၁၈၇၆)ဦးထိရှိလာကြောင်း သိရသည်။
၎င်းတို့အနက် အခြေခံပညာကျောင်းအသီးသီးသို့ ဆက်လက်တက်ရောက်ကြသူများအနက် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၇)ခုမှ ကျောင်းသားကျောင်းသူ(၃၀)ဦးအောင်မြင်ကာ ယခုအထိအောင်မြင်သူစုစုပေါင်း (၅၄) ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )


No comments:
Post a Comment