Monday, July 1, 2019

အစိုးရ၏ နောက်ထပ်ခြေတစ်လှမ်း


အစိုးရသက်တမ်း သုံးနှစ်ခွဲခန့်ရှိလာချိန်တွင် Job Creation (အလုပ်အကိုင် ဖန်တီးပေးရေး) အတွက် ရည်ရွယ်ကာ တိုင်းနှင့် ပြည်နယ်အားလုံးတွင် ဝန်ကြီးဌာန အသစ်တစ်ခုစီ တိုးချဲ့လိုက်သည်။ 
‘လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်’ ဝန်ကြီးဌာနဟု အမည်ပေးထားပြီး ပြည်သူများ မှတ်ပုံတင်ရရှိရေးနှင့် မဲစာရင်းမှန်ကန်ရေးတို့ကိုပါ ယင်းဝန်ကြီးဌာနက ဆောင်ရွက်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ 

“နံပါတ်တစ်က Job Creation လုပ်ဖို့၊ နံပါတ်နှစ်က နိုင်ငံသားအခွင့်အရေးရဖို့၊ မှတ်ပုံတင်မရတဲ့သူတွေ၊ အိမ်ထောင်စုဇယား ပျက်စီး၊ ပျောက်ဆုံး လုပ်ရတာ ခဲယဉ်းတဲ့သူတွေ ရှိတယ်။ အဲဒါတွေကို ကြပ်ကြပ်မတ်မတ်လုပ်ဖို့အတွက်ကို ဒီဌာနကို တိုးဖွဲ့လိုက်တာ” ဟု ၎င်းက ရှင်းပြသည်။ 

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အချို့တွင်သာ လူဝင်မှုကြီးကြပ်ရေးကို တိုက်ရိုက်ကိုင်တွယ်နိုင်ရန် ဝန်ကြီးကို ခန့်အပ်ထားခြင်းရှိသည့်အတွက် တစ်ပြေးညီဖြစ်စေရန် ယခုကဲ့သို့ ဝန်ကြီးဌာန အသစ်တိုးချဲ့ကာ ဝန်ကြီးအသစ် ခန့်အပ်ရန် စီစဉ်ခြင်းလည်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။ 

“ဘာအကျိုးရှိမလဲဆို နိုင်ငံသားရပိုင်ခွင့်တစ်ခု ရဖို့အတွက်ကို လုပ်တာပေါ့။ ၁၈ နှစ်ပြည့်ရင် မဲပေးနိုင်ဖို့အတွက် မဲစာရင်းထဲမှာ ပါလာဖို့၊ မှတ်ပုံတင်မရှိသေးတဲ့သူ မှတ်ပုံတင်ရဖို့၊ ၁၀ နှစ်ပြည့်တဲ့ ကျောင်းသားတွေ မှတ်ပုံတင်ရဖို့အတွက်ကို ပြည်ထောင်စုကနေ အရင်ကိုင်ထားတာ။ တိုင်းနဲ့ ပြည်နယ်ကကိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့အတွက် တိုင်းဒေသကြီးအဆင့်ကို ဒီဟာကို ချပေးလိုက်တာ။ ဝန်ကြီးဌာနကို ချပေးလိုက်တာ” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်လည်းဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။ 

ဝန်ကြီးဌာန ရှိခြင်းအားဖြင့် မှတ်ပုံတင် မရှိခြင်း၊ လုပ်မပေးခြင်း စသည့်အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းပေးသွားနိုင်မည်ဟုလည်း ၎င်းကပြောဆိုသည်။ 

လူ့စွမ်းအားအရင်းအမြစ်များကို သေချာကိုင်တွယ်၍ အစိုးရလက်ကျန်သက်တမ်း တစ်နှစ်ခွဲခန့် အချိန်ကာလအတွင်း အလုပ်အကိုင်များကို ဝန်ကြီးဌာနအသစ်က ဖန်တီးပေးသွားမည်ဖြစ်သည်။ ယင်းအပြင် ရွှေ့ပြောင်းနေထိုင်သူများ၊ အထူးသဖြင့် ဝန်ထမ်းများအတွက် မဲပေးရာတွင် မကျန်ရှိစေရန်နှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေရန် လုပ်ဆောင်ပေးနိုင်မည်လည်း ဖြစ်သည်ဟု ဆိုသည်။ 

ဝန်ကြီးဌာနအသစ် တိုးချဲ့ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အစောဆုံးတင်ပြနိုင်ခဲ့သော်လည်း ပထမဆုံးဝန်ကြီး ခန့်အပ်နိုင်ခဲ့သည်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးနေရာအတွက် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သင့်လျော်သည့်သူ သုံးဦး၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ တင်ပြခဲ့သည်။ 

တမူးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး၊ ခန္တီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်ဝင်းနှင့် ရွှေဘိုမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမိုးကျော်သူတို့ကို ဝန်ကြီးချုပ်က သမ္မတထံ အမည်စာရင်းတင်သွင်းခဲ့ရာ သမ္မတက ဦးမိုးကျော်သူကို ရွေးချယ်ခဲ့ပြီး လွှတ်တော်တွင် အတည်ပြုခဲ့သည်။ 

“ရှိတဲ့ သယံဇာတကိုပဲ အားမကိုးဘဲနဲ့ ကိုယ့်အစွမ်းအစ ကိုယ့်ရည်ကိုယ်သွေးကို အားကိုးပြီးတော့ အလုပ်လုပ်နိုင်ဖို့ အတွက်ပေါ့။ ဥပမာ – နှစ်လုံး၊ သုံးလုံးထိုးတာမျိုးတွေ မလုပ်ကြဖို့ လိုတာပေါ့လေ” ဟု ဝန်ကြီးဌာနမှ လုပ်ကိုင်ရနိုင်ဖွယ်ရှိသည့် အလုပ်ကဏ္ဍကို ဦးမိုးကျော်သူက ရှင်းပြသည်။ 

သို့သော် လက်တွေ့လုပ်ကိုင်ရန်အတွက်မူ ပြည်ထောင်စုမှ ချမှတ်ပေးမည့် မူဝါဒအတိုင်းသာ လုပ်ကိုင်ရမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအတွင် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေဖန်တီးပေးရန် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ကတိပြုပြောဆိုသည်။ 

သို့သော်လည်း မိမိ၏ ဝန်ကြီးဌာနသည် ပြည်ထောင်စုအဆင့်တွင် မည်သည့်ဝန်ကြီးဌာန၏ လက်အောက်သို့ ရောက်ရှိနေသည်ကို မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော်ထင်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ အကုန်လုံး ရွေးချယ်ခန့်အပ်ပြီးရင်တော့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ပါး ထပ်ပေါ်လာဦးမလားလို့လေ။ ဒါမှသာ ချိတ်ဆက်ဆောင်ရွက်လို့ အဆင်ပြေမယ်လို့ မြင်ပါတယ်” ဟု ဦးမိုးကျော်သူက ပြောသည်။ 

ဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသော်လည်း ရည်ရွယ်ထားခြင်းမရှိဘဲ တာဝန်ပေးအပ်သဖြင့်သာ လုပ်ကိုင်ရမည်ဟု ၎င်းကဆိုသည်။ 

“နဂိုကတည်းက ဝန်ကြီးဖြစ်ချင်လို့ လုပ်နေတာမဟုတ်ပါဘူး။ အခုလည်း လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး။ တာဝန်ပေးလို့ လုပ်တာပါ” ဟု ၎င်းက ဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းအပေါ် ခံစားချက်ကို ပြောဆိုသည်။ 

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်း ရန်အတွက် တိုင်းနှင့်ပြည်နယ် ၁၄ ခုသို့ နိုင်ငံတော်သမ္မတက အဆိုပြုထားခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအချို့တွင် ဝန်ကြီးဌာန တိုးချဲ့ ဖွဲ့စည်းရန် အတည်ပြုထားပြီး ဖြစ်သည်။ 

သို့သော် ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်တွင်မူ ကန့်ကွက်မဲ ၂၂ မဲ၊ ထောက်ခံမဲ ၁၃ မဲဖြင့် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် ကန့်ကွက်ခဲ့ကြသည်။ 

“တိုင်းရင်းသားပါတီတွေကြီးစိုးတဲ့ လွှတ်တော်တွေမှာ ဒီဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းဖို့ လက်မခံတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အခု ရခိုင်မှာ ပယ်ချတဲ့အတွက် ရခိုင်ပြည်နယ် နစ်နာဆုံးရှုံးမှုတော့ မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနေတဲ့ ကော်မရှင်တွေ အဖွဲ့အစည်းတွေက အများကြီးပဲ” ဟု မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီးဟောင်း ဦးကျော်မြင့်က သူ့အမြင်ကို ဆိုသည်။ 

လူဝင်မှုကြီးကြပ်ရေး (လ၀က) ကို ယခင်က တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်တွင် ထားရှိပြီး ဝန်ကြီးကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ရကြောင်း၊ ယင်းသို့ လုံ/နယ် ဝန်ကြီးက ကိုင်တွယ်ရခြင်းမှာ လ၀က အလုပ်သည် လုံခြုံရေးကိစ္စနှင့်လည်း ပတ်သက်နေ၍ဖြစ်ကြောင်း ဦးကျော်မြင့် က ရှင်းပြသည်။ 

“ရိုးဖြောင့်တဲ့သဘော မမြင်ဘူး။ ဘာလို့လဲဆိုတော့ ၂၀၂၀ (ရွေးကောက် ပွဲ) က သူတို့အတွက် သိပ်အရေးကြီးတယ်။ အဲဒီလိုပဲ တစ်နိုင်ငံလုံးအတွက်လည်း အရေးကြီးတယ်။ အစိုးရအဖွဲ့မှာ နိုင်ငံခြားသား အကြံပေးတွေ အများကြီးရှိတယ်။ ဒီဟာက သူတို့အကြံဉာဏ်လည်း အများကြီးပါမယ်” ဟု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးဗဟို ကော်မတီဝင်လည်းဖြစ်သည့် ဦးကျော်မြင့် က ပြောသည်။ 

NLD အစိုးရကလည်း ထိုသဘောတွင် ရှိသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရန်၊ မဲပေးရာတွင် မကျန်ရှိစေရန် စသည့် နိုင်ငံသားအခွင့်အရေးများ ရရှိစေရန် ဤဝန်ကြီးဌာနက လုပ်ဆောင်ပေးမည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင် က ဆိုသည်။ 

“(ရွေးကောက်ပွဲ) ကော်မရှင်က စနေပြီ။ အထွေထွေအုပ်ချုပ်ရေးက လူဦးရေစာရင်း ကောက်လိမ့်မယ်။ အဲဒါကို ဘယ်သူက သုံးသပ်မလဲဆိုလို့ရှိရင် လူဝင်မှုကြီးကြပ်ရေးက သုံးသပ်မယ်။ အဲဒီဟာပြီးရင် ကော်မရှင်က မဲစာရင်းကြေညာ လိမ့်မယ်။ ၂၀၂၀ အတွက် ပထမဆုံးပြင်ဆင်မယ့် ခြေလှမ်းပေါ့နော်။ ရွေးကောက်ပွဲနီးလာလို့၊ အဲဒီနေရာမှာ ဒီဝန်ကြီးဌာနက ပိုအရေးကြီးလာလိမ့်မယ်” ဟု ၎င်းက ရှင်းပြသည်။ 

ဝန်ကြီးဌာနအသစ်ကို တာဝန်ယူရမည့်ဝန်ကြီးသည် အုပ်ချုပ်ရေးစွမ်းရည် ရှိ မရှိကို ကြည့်ရှုပြီး ယခင်က ဝန်ထမ်းလုပ်ကိုင်ခဲ့ဖူးသည့်သူ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ စသည်တို့ကို ဦးစားပေး၍ ရွေးချယ်ခန့်အပ်မည်ဟု ၎င်းကဆိုသည်။ 

“ကိုယ်စားလှယ်ထဲမှာလည်း ဒီလိုအရည်အသွေးရှိသူတွေ ရှိတယ်။ မူကလည်း အဲဒီအတိုင်းပါပဲ၊ ကိုယ်စားလှယ်ဖြစ်ရင်လည်း ရတယ်။ မဖြစ်ရင်လည်း ရတယ်။ အခြေခံဥပဒေမှာ ထားတဲ့အတိုင်း ရွေးမှာပါ။ ကိုယ်စားလှယ်တွေထဲကပဲ စိတ်ကူးထားတာ ရှိပါတယ်” ဟု မန္တလေးတိုင်းအတွက် ရွေးချယ်မည့် ဝန်ကြီးအသစ်ကို ဒေါက်တာဇော်မြင့်မောင်က ပုံဖော်ပြသည်။ 

သို့သော် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တော့ မပါဝင်ဟု ၎င်းက ဆိုသည်။ 

“ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေတို့၊ ဘာတွေလုပ်ရမယ်ဆိုတာ မသိသေးဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ်ရဲ့ အင်တာဗျူးမှာပြောပုံအရဆိုရင် လူ့စွမ်းအားအရင်းအမြစ်နဲ့ ဆိုင်တဲ့ဟာတွေပေါ့။ ဒါ အရေးကြီးတဲ့အပိုင်းလို့ ကျွန်တော် မြင်တယ်။ နောက်တစ်ခုက လူဝင်မှုကြီးကြပ်ရေးလို့ဆိုတဲ့အတွက် အိမ်ထောင်စု လူဦးရေစာရင်းတို့၊ မှတ်ပုံတင်တို့မှာ ပြဿနာလေးတွေ ရှိသေးတယ်။ နောက်ပြီး သန်းခေါင်စာရင်း လာကောက်ထားပေမယ့်လည်း လူဦးရေစာရင်းက မငြိမ်သေးတော့ ဒီဘက်ကို အားထည့်ပြီးတော့ စနစ်တကျလုပ်ဖို့လို့တော့ အကြမ်းဖျင်း နားလည်ထားတယ်။ ဝန်ကြီးဌာနထွက်လာမှ သူ့မှာ ဘာလုပ်ရမယ်ဆိုတာတွေ ပါလာမှာ” ဟု ချမ်းမြသာစည်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ဝန်ကြီးဌာနအသစ်အတွက် သူ့အမြင်ကို ပြောသည်။ 

၎င်းသည် ယင်းဝန်ကြီးဌာနတွင် ခန့်အပ်ခံရနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းကိုယ်တိုင်က အတည်မပြုခဲ့ပေ။ 

“မန္တလေးမှာတော့ ကျွန်တော်တို့ မြို့နယ်နဲ့ပဲ ဥပမာပေးရရင် အထူးသဖြင့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ၊ ဝန်ထမ်းတွေလည်း ပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေလည်း ပါတယ်။ အစိုးရဝန်ထမ်းလည်း ပါတယ်။ အငြိမ်းစား ဝန်ထမ်းလည်းပါ တယ်။ ဝင်ငွေနည်းပြည်သူလည်းပါတယ်။ အနယ်နယ်အရပ်ရပ်က ပြောင်းလာကြသူတွေ။ တစ်ဖက်မှာက အိမ်ထောင်စုဇယားထွက်လာပေမယ့် ဒီဘက်မှာ ဝင်ဖို့ အခက်အခဲရှိနေသေးတာတွေ ရှိတယ်။ နောက် မှတ်ပုံတင်တွေ အခက်အခဲ ရှိနေကြတယ်။ ဒါမျိုးကိစ္စတွေကိုတော့ ထိထိရောက်ရောက် လုပ်ဖို့အတွက်လို့ ကျွန်တော်ယူဆတယ်” ဟု ဝန်ကြီးဌာနအသစ်၏ လုပ်ကိုင်ရနိုင်ဖွယ်ရှိသည့် လုပ်ငန်းအချို့ကို ဦးမြင့်အောင်မိုး က ပြောဆိုသည်။ 

လက်ရှိ ဖွဲ့စည်းပြီးသား ဝန်ကြီးဌာနများတွင် လူဝင်မှုကြီးကြပ်ရေးကို ကိုင်တွင်သည့် ဝန်ကြီးဌာနကို ဖိဖိစီးစီးလုပ်ဆောင်လျှင် ရရှိနိုင်သည့်အနေအထားတွင် ဝန်ကြီးဌာနအသစ်ပေါ်လာသည်ကို သဘောမကျဟု လျှပ်စစ်ဝန်ကြီးဟောင်း ဦးကျော်မြင့်က ပြောသည်။ 

ဝန်ကြီးဌာနအသစ် ဖွဲ့စည်းခြင်းကြောင့် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးရှိမည်ဆိုလျှင် ကောင်းမွန်သည်ဖြစ်သော်လည်း အင်စတီကျူးရှင်းဟုခေါ်သည့် အဖွဲ့အစည်း၏ လုပ်ဆောင်ရမည့် လုပ်ငန်းများ (တာဝန်နှင့် ဝတ္တရားများ) ရှိရန်က ပို၍ အရေးကြီးသည်ဟု ၎င်းကဆိုသည်။ 

“အခုဟာက စမ်းတဝါးဝါး လုပ်ရမယ်၊ အထက်က ခိုင်းတာပဲ လုပ်ရမယ်လို့ မြင်တယ်။ တကယ်တမ်းလိုအပ်နေတာက စီးပွားရေးနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေ လိုအပ်နေတာ” ဟု ဦးကျော်မြင့်က ဝေဖန်သည်။ 

သို့သော် ဝန်ကြီးဌာန ပေါ်ပေါက်လာလျှင် တာဝန်နှင့် ဝတ္တရားများ နောက်ဆက်တွဲလိုက်ပါလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။ 

လက်ရှိ မန္တလေးတိုင်းဒေသကြီး၏ လူဝင်မှုကြီးကြပ်ရေးကို ကိုင်တွယ်ထားသည့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကမူ ဝန်ကြီးဌာနအသစ်နှင့် ပတ်သက်၍ မိမိထံ မည်သည့်အကြောင်းကြားစာမျှ မဝင်သေးဟု ပြောသည်။ 

ထို့ကြောင့် ဝန်ကြီးဌာနအသစ်အပေါ် မှတ်ချက်ပြုနိုင်သည့်အခြေအနေ မရှိပေ။ သို့သော် လက်ရှိတွင် လ၀ကနှင့်ပတ်သက်သည့် သတင်းများကို အစည်းအဝေးများတွင် တင်ပြပေးနေသည်ဟု ၎င်းကဆိုသည်။ 

“ဝန်ထမ်းတွေကတော့ ကျွန်တော့်ဆီ အကုန်တင်ပြတယ်။ လုံခြုံရေးအစည်းအဝေးတိုင်းလည်း လ၀က ရီပို့တွေ တင်နေတာပဲ” ဟု ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။ 

ဝန်ကြီးဌာနအသစ်အနေနှင့် အလုပ်အကိုင် ရှာဖွေပေးမှုအပေါ် ဦးစားပေးမည်ဟု ၎င်းက သူ့ယူဆချက်ဖြင့် ခန့်မှန်းပြောဆိုသည်။ 

ဝန်ကြီးအသစ်ဖြစ်လာသည့် ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူကမူ ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်လုပ်ဆောင်သွားမည်ဟု ပြောသည်။ 

“မူဝါဒ ချမှတ်ပေးလာရင်လုပ်မယ်။ အစိုးရသက်တမ်းက တစ်နှစ်ခွဲပဲ ကျန်တယ်ဆိုပေမယ့် ရည်ရွယ်တာက တစ်နှစ်ခွဲအတွက်ပဲ မဟုတ်ဘူး။ စဉ်ဆက်မပြတ်ဖြစ်ဖို့အတွက် ရည်ရွယ်တာပါ။ ဒီအစိုးရအတွက်ပဲ မဟုတ်ဘူး။ ရေရှည်အတွက်ပါ” ဟု ဦးမိုးကျော်သူက ပြောဆိုသည်။ 

မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနှင့်ယှဉ်လျှင် ဥပဒေကို လေးစားလိုက်နာမှုများ အားနည်းနေပြီး ဌာနဆိုင်ရာများအနေနှင့်လည်း အကျိုးအမြတ်မရလျှင် လုပ်မပေးဆိုသည့် စိတ်ဓာတ်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဥပဒေပြုရေးကို အဓိကထားသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အုပ်ချုပ်ရေးလိုင်းထဲသို့ ရောက်သွားသည့်အတွက် ကွာခြားချက်များရှိနိုင်ပြီး အကောင်းဆုံးကြိုးစားသွားမည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ 

ပုံမှန်အားဖြင့် ရွေးကောက်ပွဲများကို နိုဝင်ဘာလတွင် ကျင်းပလေ့ရှိသော်လည်း လာမည့် ၂၀၂၀ တွင်မူ ယင်းထက်စောနိုင်သည်ဟု လျှပ်စစ်ဝန်ကြီးဟောင်း ဦးကျော်မြင့်က သုံးသပ်သည်။ အလားတူ ဝန်ကြီးဌာနအသစ်၏ ရည်ရွယ်ချက်မှာ လည်း ယင်းကိုပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“အဓိကကတော့ ၂၀၂၀ ပဲ”  

မြတ် (ကလေး)
The Voice Journal 

0 comments:

Post a Comment