သိန်းနှင့်ချီသော ဘင်္ဂါလီမွတ်စလင်များကို နေရပ်သို့ ပြန်လာနိုင်ပုံအား ရှင်းပြရန် မြန်မာနိုင်ငံက အဆင့်မြင့်အဆင့် ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ မကြာမီ စေလွှတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် မြန်မာတပ်မတော်က စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂါလီမွတ်စလင် ၇၄၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။ ၎င်းတို့က မုဒိမ်းကျင့်မှု၊ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြပုံ အကြောင်းများကို ပြန်လည်ပြောပြခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်က ၎င်း၏ အစိုးရအဖွဲ့သည် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အစီအစဉ်များကို ရှင်းပြရန်အတွက် များမကြာမီ (ဇူလိုင်လကုန်) တွင် ကော့ဘဇားသို့ အဆင့်မြင့်အဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတစ်ရပ်၌ ပြောကြားခဲ့သည်။
ဟောက်ဒိုဆွမ်က ဘင်္ဂါလီမွတ်စလင် ၃၀,၀၀၀ သည် နေရပ်ပြန်ရန် တောင်းဆိုထားကြောင်း၊ ၎င်းတို့အနက် လူပေါင်း ၁၃,၂၀၀ ကို မူလက မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သူများအဖြစ် အတည်ပြုပြီးဖြစ်ကြောင်း နှင့် ၎င်းင်းတို့အနေဖြင့် ရခိုင်ပြည်နယ်သို့ မည်သည့်အချိန်၌မဆို ပြန်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များကို ရခိုင်ပြည်နယ်သို့ ပြန်လာခွင့်ပြုရန်နှင့် ၎င်းတို့အား နိုင်ငံသားဖြစ်ခွင့် အာမခံရန် နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။ ဒုက္ခသည်အရေးကို ကိုင်တွယ်ရာ၌ ယခုအချိန်အထိ တိုးတက်မှုနှေးကွေးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။
“ဒုက္ခသည်တွေအတွက် အလားအလာကောင်းတဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ မြန်မာနိုင်ငံကို မိမိသဘောဆန္ဒ အလျောက်ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာ ရှိစွာ ပြန်လာနိုင်ရေးပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းရှာရာနာဘာဂျန်နာက ပြောကြားခဲ့သည်။
“ပြီးတော့ ရခိုင်ပြည်နယ်မှာ အဆင်ပြေနိုင်တဲ့ အခြေအနေရပ်တွေ ဖန်တီးပေးရေးအတွက် အဓိကတာဝန်ရှိတာကတော့ မြန်မာနိုင်ငံပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရခိုင်အရေးကို ဖြေရှင်းရန် ပထမဆုံး အဆင့်တစ်ဆင့်သည် AA လက်နက်ကိုင် အဖွဲ့နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ ခြင်းကို ရပ်တန့်ခြင်း ဖြစ်လိမ့်မည်ဟုလည်း ရှာရာနာဘာဂျန်နာက ပြောကြားခဲ့သည်။
ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) တို့အား အစုအလိုက်အပြုံလိုက် မောင်းထုတ်ခြင်းအား ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုဟု ဖော်ပြခဲ့သော်လည်း မြန်မာတပ် မတော်က ၎င်းတို့၏ စစ်ဆင်ရေးသည် ၂၀၁၇ ခုနှစ် သြဂုတ်လက နယ်စပ်လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့သည့် ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများကို ချေမှုန်းရန် တရားဥပဒေနှင့်အညီ ပြုလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
Ref; AFP
Eleven Media Group
No comments:
Post a Comment