မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် ပါတ်ကုန်းဝန်းကျင် ၂၇ လမ်း ၇၂ x ၇၃ လမ်းကြား အိမ်အမှတ် (၄၆) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်မှူး၏ ငွေကျပ်သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းနှင့် ကွန်ပျူတာတို့ ခိုးယူခံရမှု ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲမင်းသိမ်းသည် ဇူလိုင် ၂၁ ရက်တွင် အလုပ်နားရက် ဖြစ်သည့်အတွက် ယောက္ခမဖြစ်သူ ဦးမိုးမြင့် နေထိုင်သော ချမ်းအေးသာဇံမြို့နယ် ပတ်ကုန်းဝန်းကျင် ၂၇ လမ်း ၇၂ x ၇၃ လမ်းကြား အိမ်အမှတ်(၄၆)သို့ အလည်လာရောက်ခဲ့ကြောင်း၊ ၎င်းသည် ည ၁၂ နာရီကျော်မှ အိပ်ရာဝင်ခဲ့ရာ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် အိပ်ရာမှနိုးလာပြီး ရုံးသွားရန် ပြင်ဆင်နေစဉ် ဧည့်ခန်းအတွင်းရှိ ဆိုဖာထိုင်ခုံပေါ် တင်ထားခဲ့သော Sam sonite အိတ်တစ်လုံး ကာလတန်ဖိုး ကျပ်နှစ်သိန်း၊ ဇနီးဖြစ်သူ ကိုင်ဆောင်သည့် APPLE XR အနီရောင် ဖုန်းတစ်လုံး ကာလတန်ဖိုး ကျပ် ၁၀ သိန်း၊ အိတ်အတွင်းမှ အရေးကြီး အချက်အလက်ပါသည့် ငွေမင်ရောင် ရုံးသုံးလက်တော့စ်တစ်လုံး ကာလတန်ဖိုး ကျပ်ခုနစ်သိန်း၊ Samsung Note 8 ဖုန်းတစ်လုံး ကာလတန်ဖိုး ကျပ် ၁၀ သိန်း၊ OPPO ဖုန်းတစ်လုံး ကာလတန်ဖိုး ကျပ်နှစ်သိန်း၊ မြန်မာငွေကျပ်သိန်း ၅၀၊ U$ ဒေါ်လာ ၆၀၀ မြန်မာငွေပေါက်ဈေး ကျပ်ကိုးသိန်း၊ လက်ထပ်စိန်လက်စွပ် နှစ်ကွင်း ကာလတန်ဖိုး ကျပ် ၄၅ သိန်း၊ တစ်မတ်သား ရွှေမောင်းကွင်းနှစ်ကွင်း ကာလတန်ဖိုး ကျပ်သုံးသိန်း၊ Mont Blanc ဘောပင်တစ်ချောင်း ကာလတန်ဖိုး ကျပ် ၄၅၀၀၀၀ စုစုပေါင်း ကျပ် ၁၄၂ သိန်းကို ဖောက်ထွင်းခိုးယူ ခံခဲ့ရသည်ကို သိရှိရသဖြင့် အမှတ် (၃) နယ်မြေရဲစခန်းထံသို့ အမှုဖွင့် တိုင်ကြားခဲ့သည်ဟု သိရသည်။
“ခိုးမှုနဲ့ အမှုဖွင့်ထားပါတယ်။ တရားခံကို အမြန်ဆုံး ဖမ်းဆီးမိရေး ဆောင်ရွက်နေပါတယ်” ဟု အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းသည် အမှတ်(၃)နယ်မြေရဲစခန်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ယင်းအမှုနှင့် ပတ်သက်ပြီး အမှတ်( ၃ ) ရဲစခန်းမှ (ပ)/၃၇၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ (၃၈၀) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment