အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ တန်ဖိုးရှိ ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်မည့် စီမံကိန်းဆောင်ရွက်ရန် မြန်မာ့မီးရထားနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး လုပ်ငန်းအကောင်အထည် ဖော်ရေးအတွက် ၂၀၂၀ တွင် စာချုပ်ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားကြောင်း စီမံကိန်းဆောင်ရွက်ရန် ဦးစားပေး တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်မောင်ထွန်းက ပြောကြားသည်။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းအား ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ၌ စင်ကာပူတွင် စာရင်းသွင်းထားသည့် Oxley Holding က ဦးစားပေးတင်ဒါ အောင်မြင်ခဲ့သည်။ Oxley သည် မြန်မာနိုင်ငံရှိ Min Dhama နှင့် တရုတ်နိုင်ငံမှ Sino Great Wall တို့ပူးပေါင်းထားသည့် လုပ်ငန်းစုဖြစ်သည်။ Min Dhama ကုမ္ပဏီသည် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ဦရန်ဟို ပိုင်ဆိုင်သည့် Mottama Development Group မှ လုပ်ငန်းခွဲ တစ်ခုဖြစ်သည်။
စီမံကိန်း အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့မီးရထား အာဏာပိုင်များနှင့် ဥပဒေရေး စီမံဆောင်ရွက်မှုများနှင့် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ “ရင်းနှီးမြှပ်နှံမှုတင်ဆိုတော့ ရှေ့နေချုပ်ရုံးတို့၊ စီးပွားရေးရာ ကော်မတီတို့ စသဖြင့် နိုင်ငံတော်အဆင့်တွေကို ဖြန့်ပြီးတော့မှ အတည်ပြုချက် ရယူရမှာလေ။ နောက်ပြီး ဥပဒေကြောင်းအရ ကျွန်တော်တို့နိုင်ငံမှာ ခွင့်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေရယ်၊ ကွန်ဒို law တို့ Property law တို့၊ အခွန်ဆောင်တဲ့ ဥပဒေတွေ ကိုက်ညီအောင်ရယ်၊ နောက်တစ်ခုက မြန်မာ့မီးရထားကိုလည်း ကျွန်တော်တို့ဘက်က ဘာပေးမလဲ။ သူတို့ တင်ဒါတင်စဉ်က ကျွန်တော်တို့ကို ကမ်းလှမ်းထားတာရှိတယ်။ စသဖြင့် အပြန်အလှန် ညှိနေရတယ်” ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။
ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေလျက်ရှိပြီး ၂၀၂၀ တွင် လုပ်ငန်းအကောင်အထည် ဖော်ဆောင်နိုင်မည့် စာချုပ်ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
စာချုပ်ချုပ်ဆိုပြီးပါက စီမံကိန်းအား ရှစ်နှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း Mottama Development Group က ဆိုသည်။
စီမံကိန်းအကျယ်အဝန်းမှာ ၆၃ ဒသမ ၅ ဧက ခန့်ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၀၉ သန်း ဖော်ဆောင်သွားမည် ဖြစ်သည်။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းသည် တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ ဧရိယာအတွင်း ဟိုတယ်များ၊ ကွန်ဒိုအဆောက်အအုံများ တည်ဆောက်မည်ဖြစ်သည်။ ထိုအဆောက်အအုံများ၏ အလယ်တွင် ရထားဘူတာရုံသစ်ကို လက်ရှိဘူတာရုံကြီး၏ဘေးတွင် တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:
Post a Comment