Thursday, July 25, 2019

ဖမ်းဆီးထားသည့်သင်္ဘောများ ပျောက်ဆုံးနေမှု “လက်ရှိအစိုးရကို နားရွက်တံတွေးစွတ်သလား”ဟု တိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်

Image may contain: people sitting and indoor
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မှာ တရားမဝင်ကိစ္စတွေနဲ့ ဖမ်းဆီးအမိန့်ချထားပြီး လေလံကြမ်းခင်းဈေးသတ်မှတ်ထားတဲ့ သင်္ဘောတွေပျောက်ဆုံးနေတာဟာ လက်ရှိအစိုးရသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို နားရွက်တံတွေးစွတ်လိုက်တာလားလို့ ကသာမြို့နယ်က တိုင်းလွှတ်တော်အမတ် ဦးညီညီထွန်းက ဇူလိုင်(၂၅)ရက်ကကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

(၂၀၁၆) ခုနှစ်က ကသာမြို့နယ်ထဲမှာ တရားမဝင်သစ်ခွဲသားတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ မြတ်မိဘ(၂) သံခွံသင်္ဘောဟာ ပြည်သူပိုင်အဖြစ် တရားရုံးကအမိန့်ချသိမ်းဆည်းခဲ့ပေမယ့် (၂၀၁၉) ဇန်နဝါရီလထဲမှာ အဲဒီသင်္ဘောကို တရားမဝင်သစ်တွေနဲ့ ပိုင်ရှင်မဲ့အဖြစ် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ပြည်သူပိုင်သိမ်းထားတဲ့သင်္ဘောကို တရားမဝင်သစ်တွေနဲ့ ပြန်လည်ဖမ်းဆီးရမိတဲ့အတွက် တခြားသိမ်းဆည်းထားတဲ့သင်္ဘောတွေကို လိုက်လံစစ်ဆေးရာမှာ သိမ်းဆည်းထားတဲ့သင်္ဘော(၂၂)စီးထဲ (၁၁) စီးပျောက်ဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဦးညီညီထွန်းက ပြောပါတယ်။ အခုလို တရားမဝင်ကိစ္စတွေနဲ့ ဖမ်းစီးထားတဲ့သင်္ဘောတွေ ပျောက်ဆုံးနေတာဟာ ပြည်သူ့ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးရသလို လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ပြက်ရယ်ပြုပြီး နားရွက်တံတွေးစွတ်လိုက်တာလားလို့လည်း ဦးညီညီထွန်းက လွှတ်တော်မှာ မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးမောင်က ပြန်လည်ဖြေကြားရာမှာတော့ တရားမဝင်သစ်နဲ့ ထပ်မံဖမ်းဆီးရမိတဲ့ မြတ်မိဘ(၂)သင်္ဘောအပါအဝင် ကသာမြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ရေယာဉ်တွေကို မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ(ရစက)က တာဝန်ယူထိန်းသိမ်းတာဖြစ်ကြောင်းနဲ့ ပြန်လည်ဖမ်းဆီးရခဲ့တဲ့ မြတ်မိဘ(၂)သင်္ဘောကိုလည်း မြို့နယ်(ရစက)ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်စိုး(ခ)ဦးကြီးမြင့်ကို ကျပ်သိန်းတစ်ထောင်တန်ခံဝန်ချုပ်ပြီး အပ်နှံထားတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားတဲ့ပစ္စည်းတွေ ပျောက်ဆုံးခဲ့တဲ့အတွက် တာဝန်ယူထိန်းသိမ်းခဲ့တဲ့ ကော်မတီဥက္ကဋ္ဌကို မြို့နယ်ရဲစခန်းနဲ့ တရားရုံးမှာ အမှုဖွင့်ထားသလို တရားခံဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက်နေတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြည်သူပိုင်အဖြစ်သိမ်းဆည်းထားတဲ့ သင်္ဘောတွေကို တရားမဝင်သစ်တွေနဲ့ ထမ်မံဖမ်းဆီးရမိခဲ့တာဟာ အစုအဖွဲ့လိုက်ဥပဒေလက်တစ်လုံးခြားပြုလုပ်တာဖြစ်သလို အဂတိမကင်းဘူးလို့ ယူဆရတဲ့အတွက် နိုင်ငံတော်သမ္မတရုံးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အခုနှစ် ဖေဖော်ဝါရီလကတည်းက တိုင်ကြားခဲ့ပေမယ့် လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးဘဲဖြစ်နေတယ်လို့ တိုင်းလွှတ်တော်အမတ် ဦးညီညီထွန်းက ပြောပါတယ်။
Image may contain: 3 people, people sitting and hat
Image may contain: one or more people and outdoor
No photo description available.
သတင်း - အောင်ကျော်ညွန့်
One News Myanmar

0 comments:

Post a Comment