Tuesday, July 2, 2019

ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည်များရှင်းလင်းမှု စတင်နေပြီဟုဆို


ရန်ကုန်မြို့အတွင်းမှ လမ်းဘေးဈေးသည်များရှင်းလင်းမှုကို အလုံမြို့နယ်၊ သစ်တောဈေးမှ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၁၀) ဒေါ်နန်းစုရွှေစင်ကပြောသည်။ 
ရန်ကုန်မြို့တော်ခန်းမတွင် ဇူလိုင်လ(၁)ရက်က ကျင်းပသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ကျွန်မတို့ နှစ်ထပ်ဆောက်ထားတဲ့ဈေးတွေမှာ လမ်းဘေးဈေးသည်တွေကိုနေရာချပေးဖို့ ပြင်ဆင်နေပါတယ်။ အဲဒီလိုလုပ်ဆောင်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲအလုံသစ်တောဈေးကနေစနေပါပြီ။ အဲဒီနားက လမ်းဘေးဈေးသည်တွေကို နှစ်ထပ်ဈေးပေါ်တင်ပြီးရောင်းချဖို့ကိုလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်တာကလည်း လမ်းဘေးဈေးသည်တွေကသူတို့ရောင်းတဲ့အမျိုးအစားအလိုက် နေရာချပေးတာမျိုးတွေ လုပ်ပေးသွားမှာပါ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကော်မတီဝင် (၁၀) ဒေါ်နန်းစုရွှေစင်ကပြောသည်။ 
ရန်ကုန်မြို့တွင်းမှ ဈေးများကို လက်ရှိတွင်အဆင့်မြှင့်တင်ပြီး ဈေးသည်များကို နေရာချထားရန် စီစဉ်နေသော်လည်း ဈေးနေရာအကျယ်အ၀န်းနှင့် ဈေးသည်အရေအတွက် မမျှတခြင်းကြောင့် လုပ်ဆောင်မှုများ နှောင့်နှေးနေကြောင်းလည်း သိရသည်။ 
လက်ရှိရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်တွင် ဈေးပေါင်း ၁၈၄၀ ရှိပြီး ယင်းဈေးများအနက် ဈေးပေါင်း (၃၇)ခုကိုအော်ပရေတာစနစ်အဆင့်ထိ ရောက်ရှိစေရန် အဆင့်မြှင့်တင်သွားမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားထားသည်။ 

ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )


No comments:

Post a Comment