
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆွေးနွေးဖို့ မြန်မာအဆင်မြင့် ကိုယ်စားလှယ်အဖွဲ့ အခု လာမယ့် သီတင်းပတ်ကုန်မှာ လာရောက်မှာဖြစ်တဲ့အတွက်၊ မြန်မာနဲ့နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးတင်းကြပ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိတွေက ပြောပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရိုဟင်ဂျာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး၊ ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် ဆောင်ရွက်ထားတာတွေကို ရှင်းလင်းပြောဆိုမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး မိုဟာမက် အဘူ ကာလမ် က ပြောပါတယ်။
ဒုက္ခသည်စခန်းတွေမှာ လူဦးရေ တသန်းနီးပါးရှိလာနေလို့ အိမ်နီးချင်းနိုင်ငံတွေ စိုးရိမ်နေကြသလို၊ မြန်မာအပေါ်ကိုလည်း ဒုက္ခသည်ပြန်လည်ခေါ်ယူရေး တုံ့နှေးနေတယ်လို့ ပြစ်တင်ဝေဖန်နေကြကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
ဒုက္ခသည်ပြန်ပို့ရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့၊ ဆန္ဒအလျောက် နေရပ်ပြန်သူ တဦးတယောက်မှ မရှိခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ဘယ်ဒုက္ခသည် တဦး တယောက်ကိုမှ အတင်းအကြပ် ပြန်ခိုင်းမှာမဟုတ်ကြောင်း ပြောဆိုထားတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင် ကတော့ လာမယ့် စက်တင်ဘာလမှာ ဒုက္ခသည်ပြန်ပို့ရေး စတင်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း ဒုက္ခသည်ကိစ္စဟာ တိုးတက်မှု နှေးကွေးလွန်းနေတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ ဘေဂျင်းမှာတွေ့ဆုံခဲ့စဉ်က ဒုက္ခသည်ကိစ္စ လိုအပ်သမျှ ကူညီမယ်လို့ ရှိကျင့်ဖျင် က ပြောဆိုခဲ့ပါတယ်။
Photo: MUNIR UZ ZAMAN / AFP
RFA






0 comments:
Post a Comment