
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်စိုးသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် NLD ပါတီမှနုတ်ထွက်စာ တင်လိုက်ကြောင်း သိရှိရသည်။
NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်ကာ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအောင်စိုးအနေဖြင့် ၎င်း၏ သဘောဆန္ဒအရ NLD ပါတီမှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြလာသည့်စာအား ပါတီ၏ ဒုဥက္ကဋ္ဌ(၂)ထံသို့ ဆက်လက်တင်ပြထားကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
''ကျွန်တော်တို့ကတော့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ အခုလို နုတ်ထွက်တယ်လို့မြင်ပါတယ်ခင်ဗျ၊ ကိုယ်တာဝန်ယူထားရတဲ့အပိုင်းမှာ အမှားအယွင်းကြီးကြီးမားမားဖြစ်လာပြီဆိုရင် ဒါဟာ ဒီမိုကရေစီနိုင်ငံတွေမှာလည်း တာဝန်ယူတဲ့အနေနဲ့ နုတ်ထွက်တဲ့အစဉ်အလာတွေတော့ ရှိပါတယ်ခင်ဗျ''ဟု ဒေါက်တာမျိုးညွန့်က ဆက်ပြောသည်။
အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ခဲအိုတော်စပ်သူ ဦးအောင်စိုးသည် အစိုးရမှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင်၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
''ကျွန်တော်တို့အနေနဲ့ ဒုဥက္ကဋ္ဌ(၂) ဆီကို တင်ပြသွားမှာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တစုံတရာမချရသေးခင်မှာ သူဘာလို့နုတ်ထွက်တာပါဆိုတာမျိုးကိုတော့ မပြောချင်ပါဘူး''ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
NLD ပါတီမှ နုတ်ထွက်စာတင်ခဲ့သည့် ဦးအောင်စိုးနှင့်ပတ်သက်၍ အောက်ခြေအဆင့်များမှ NLD ပါတီသို့ တိုင်ကြားစာများပေးပို့ထားကြောင်းနှင့် အသေးစိတ်အချက်အလက်များအား ပြောပြ၍မရသေးကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။
ကျော်ဝေမင်း






0 comments:
Post a Comment