Tuesday, August 6, 2019

တယ်လီဖုန်း ဆင်းကဒ်များအားလုံး Biometric စနစ်ဖြင့် မှတ်ပုံပြန်တင်ရမည်


Image may contain: 1 person
နိုင်ငံတော်၏ လုံခြုံရေးအတွက် အသုံးပြုနေသောတယ်လီဖုန်းဆင်းကဒ်များအားလုံးကို Biometric စနစ်တွင် မှတ်ပုံပြန်တင်ရမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး မေးမြန်းသည့် "SIM Card မှတ်ပုံတင်ခြင်းကို နိုင်ငံသားမှတ်ပုံတင်မူရင်းဖြင့်သော်လည်းကောင်း Biometric စနစ်ဖြင့်သော်လည်းကောင်း မှတ်ပုံတင်ခြင်းပြုလုပ်မည့်အစီအစဉ်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း" အပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသာဦး ကပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆင်းကဒ်များကို မှတ်ပုံတင်ရာတွင် မှတ်ပုံတင်မိတ္တူများဖြင့် ဆင်းကဒ်များစွာကိုမှတ်ပုံတင်နေခြင်း၊ မှတ်ပုံတင်နံပါတ်ရှေ့နောက်ပြောင်း၍ ဆင်းကဒ်များစွာကိုမှတ်ပုံတင်ခြင်း၊ ဆင်းကဒ်များကိုအလကားပေးဝေနေခြင်း၊ ဈေးနှုန်းအဆမတန်လျော့ရောင်းချနေခြင်းများဖြင့် တည်ဆဲဥပဒေများကိုချိုးဖောက်နေကြသဖြင့် ယခုမေးခွန်းကိုမေးမြန်းရခြင်းဖြစ်ကြောင်း မေးခွန်းမေးမြန်းသူဒေါ်အေးမြမြမျိုးက ပြောသည်။

"မိမိရဲ့ မှတ်ပုံတင်နံပါတ်နဲ့အခြားတစ်ယောက်က တစ်လွဲသုံးမယ်ဆိုရင် ဒါ တရားဥပဒေစိုးမိုးရေအတွက် အင်မတန်အန္တရာယ်များတဲ့အခြေအနေဖြစ်ပါတယ်။ ဈေးကွက်ထဲမှာဆင်းကဒ်တွေပေါပေါလောလောဝယ်လို့ရနေတာဟာ တရားဥပဒေစိုးမိုးရေးကိုပါထိခိုက်လာပါတယ်" ဟု ၎င်း ကဆိုသည်။

မှတ်ပုံမတင်ထားသော ဆင်းကဒ်များဖြင့် ခြိမ်းခြောက်ခြင်း၊ငွေညစ်ခြင်း၊ လိမ်လည်ခြင်း စသည့် လူမှုပြဿနာများမှသည် နိုင်ငံတော်လုံခြုံရေး နှင့်အကြမ်းဖက်မှုများထိပါ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အမုန်းစကားဖြန့်ဝေခြင်း၊ ဖုန်းဖြင့်ငွေပေးချေမှုလုပ်ရာတွင်မသမာမှုလုပ်ရန်လွယ်ကူလာခြင်း၊ လူမှုကွန်ရက်တွင် cyber bulling လုပ်ခြင်း၊ ပဋိပက္ခပေါ်သည့်အခါအစွန်းရောက်ဖြစ်အောင်ရေးသားလှုံဆော်မှုများကို ထောက်လှမ်းခြေရာခံသည့်အခါမျိုးတွင်လည်း အခက်အခဲဖြစ်စေမှာဖြစ်ကြောင်း ၎င်း ကပြောသည်။

ယင်းကြောင့် ဆင်းကဒ်များမှတ်ပုံတင်ရာတွင် မှတ်ပုံတင်မူရင်းဖြင့်သော်လည်းကောင်း Biometric နည်းဖြင့်သော်လည်းကောင်း စနစ်တကျမှတ်ပုံတင်မှုပြုရန်ဆောင်ရွက်ထားမှုအခြေအနေကိုဖြေကြားစေလိုကြောင်း ဒေါ်အေးမြမြမျိုးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ် ပို့/ဆက်ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးသာဦးက ပြန်လည်ဖြေကြားရာတွင် "မှတ်ပုံတင်ထားတဲ့ တယ်လီဖုန်းသုံးစွဲသူများရဲ့အချက်အလက်များကို သက်ဆိုင်ရာ အော်ပရေတာအလိုက်သီးခြားစီသိမ်းဆည်းထားရှိပါသည်။ သီးခြားစီမှတ်ပုံတင်ထားသည့်အတွက် ID တစ်ခုနဲ့ဆင်းကဒ်စုစုပေါင်း ဘယ်လောက်ထိမှတ်ပုံတင်ထားရှိသည်ကို စီစစ်ရန်ခက်ခဲခြင်း ID မှန်ကန်မှုရှိ/မရှိ စီစစ်ရန်ခက်ခဲခြင်းတို့ကြောင့် Biometric အချက်အလက်များကိုအသုံးပြုပြီးတော့ verification လုပ်နိုင်ပြီးတော့ မိုဘိုင်းအော်ပရေတာများအားလုံးရဲ့ သုံးစွဲသူများရဲ့ အချက်အလက်များကိုတစ်စုတစ်စည်းတည်းသိမ်းဆည်းထားနိုင်တဲ့ command data base တစ်ခုတည်ဆောက်ဖို့လိုအပ်လာပါတယ်" ဟု ပြောသည်။

သို့ပါ၍ အဆိုပါစနစ်တည်ဆောက်နိုင်ရန်အတွက် ပို့/ဆက်ဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားရေးဦးစီးဌာနမှ ညွှန်မှူးဦးဆောင်၍ မိုဘိုင်းအော်ပရေတာကိုယ်စားလှယ်များအဖွဲ့ဝင်အဖြစ်ပါဝင်သော အလုပ်အဖွဲ့ကို ပြီးခဲ့သည့် ၅ လပိုင်း ၃ရက်နေ့ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ယင်းစနစ်ကို ၂၀၂၀ ခုနှစ် ဇွန်လ မကုန်ခင်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

အဆိုပါ စနစ်သစ်တွင် ဆင်းကဒ်ဝယ်ယူသူများကို Biometric စနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုလက်ရှိ မှတ်ပုံတင်ထားပါသည်ဟုဆိုသောဆင်းကဒ်များအားလုံးကိုလည်း အချိန်ကာလတစ်ခုသတ်မှတ်ကာ Biometric စနစ်ဖြင့် မှတ်ပုံပြန်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းစနစ်ဖြင့် မှန်ကန်စွာမှတ်ပုံတင်ပြီးပါက မိုဘိုင်းဖုန်းအသုံးပြုသူများ မိုဘိုင်းဘန်းကင်း မိုင်းဘိုင်းမန်းနီး မိုဘိုင်းရှော့ပင်းအစရှိသဖြင့် အွန်လိုင်းဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာအသုံးပြုလာနိုင်မည်ဖြစ်ပြီး အများပြည်သူလုံခြုံရေးကိုလည်း ထိရောက်စွာအကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းအတွက် လူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဒုဝန်ကြီး ဦးသာဦးက ဆက်ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ဆင်းကဒ်ကိုမှတ်ပုံတင်ရောင်းချခြင်းအား ၂၀၁၄ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သော်လည်း ဆင်းကဒ်အများစုသည် အချက်အလက်ပြည့်စုံစွာထည့်သွင်းခြင်းမရှိကြောင်း ၊ ယင်းကြောင့် ၂၀၁၆ သြဂုတ်လမှစတင်၍ ဆင်းကဒ်မှတ်ပုံတင်ခြင်းကို သတ်မှတ်ထားသောမှတ်ပုံတင်/ID မိတ္တူတို့နှင့် အချက်အလက်များဖြည့်စွက်၍ ၂၀၁၇ ခုနှစ် ၃ လပိုင်း ၃၁ ရက်နေ့ နောက်ဆုံးထားမဖြစ်မနေပြုလုပ်ရန် ၊ မှတ်ပုံမတင်သည့် ဆင်းကဒ်များကို ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်းကြေညာခဲ့သည်ဟု သိရသည်။

သို့သော် ယင်းနောက်ဆုံးသတ်မှတ်ကာလထိ မှတ်ပုံတင်ခြင်းမပြုခဲ့သော ဆင်းကဒ် ၈ ဒသမ ၆၈ သန်း ကို ယာယီပိတ်သိမ်းခဲ့ကြောင်း ၊ ယာယီပိတ်သိမ်းထားသော ဆင်းကဒ်များကို အချိန်နောက်ထပ် ၃ လပေး၍ မှတ်ပုံတင်ရန် ထပ်မံ သတိပေးခဲ့ကြောင်း၊ သို့သော် ထပ်တိုးကာလ ၃ လ ပြည့်သော်လည်း ဆင်းကဒ် ၆ ဒသမ ၆ သန်းမှာ မှတ်ပုံတင်ခြင်းမရှိသဖြင့် အပြီးတိုင်ပိတ်သိမ်းခဲ့ကြောင်း ဒုဝန်ကြီး ပြောပြချက်အရသိရသည်။

ယင်းအပေါ် ဒေါ်အေးမြမြမျိုးက ပိတ်သိမ်းခဲ့သည်ဟုဆိုသော်လည်း စားသုံးသူ/အသုံးပြုသူသာနစ်နာရပြီး အော်ပရေတာများက ဈေးကွက်တွင်ပြန်လည်ရောင်းချကြောင်း ၊ ယင်းအခါ အော်ပရေတာများသာအကျိုးအမြတ်ရပြီး သုံးစွဲသူမှာနစ်နာလျက်ရှိကြောင်း ၊ ယင်းဖြစ်စဉ်များလက်တလောဖြစ်ပွားမှုအပေါ်မည်သို့ဖြေရှင်းမည်နည်းကိုလည်းသိရှိလိုကြောင်း ထပ်လောင်းမေးမြန်းပြန်သည်။

ဒုဝန်ကြီး ဦးသာဦးက "တစ်ကယ်တန်းပြဿနာဖြစ်နေတာက တစ်ဆင့်ရောင်းတဲ့ဆိုင်တွေရှိပါတယ်။ အဲဒီဆိုင်တွေမှာ ကျနော့အနေနဲ့မှတ်ပုံတင်မူရင်းပြမယ် မိတ္တူပြမယ် ကျနော်ကဒ်တစ်ကဒ်သွားဝယ်တယ်။ ဒါပေမဲ့သက်ဆိုင်ရာဆိုင်က အကြောင်းကြောင်းကြောင့် မသမာမှုလုပ်ပြီး ကျနော့မှတ်ပုံတင်ယူပြီးအများကြီးကော်ပီလုပ်လိုက်တယ်။ ကျန်တဲ့သူရောင်းရင် registered လုပ်ပြီးသားဆိုပြီး ကျနော့နာမည်နဲ့ဖြစ်သွားတာတွေရှိပါတယ် တွေ့ပါတယ်။ အဲ့ဒါတွေကိုလည်း အရေးယူနေပါတယ်။ ဒါတွေကလည်း biometric စနစ်မဖြစ်မချင်း အင်မတန်စီစစ်ရခက်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

အရေးပေါ် စစ်ဆေးအရေးယူမှုများရှိမည်ဖြစ်ကြောင်း ၊ ပြီးလျှင် ဆင်းကဒ်အလကားပေးခြင်းဖြင့် ပြိုင်ဆိုင်ခြင်း သည် ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သဖြင့် လုပ်ဆောင်ခွင့်မရှိကြောင်း ၊ ဒဏ်ရိုက်မှုများရှိကြောင်း ဆိုသည်။

လက်ရှိတွင် ရှောင်တခင်စစ်ဆေးအရေးယူမှုများသာပြုလုပ်နိုင်ကြောင်း ၊ Biometric စနစ်ရောက်ရှိမှသာ စိတ်ချရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ထပ်လောင်းဆိုသည်။

မေးခွန်းမေးမြန်းသူ ဒေါ်အေးမြမြမျိုးက ဆက်သွယ်ရေးဥပဒေပုဒ်မ အခန်း ၁၁ ပုဒ်မ ၃၅ / ၃၆ တို့တွင် လုပ်ငန်းလိုင်စင်ရရှိထားသူသည်ဈေးကွက်တွင်းလွတ်လပ်စွာပြိုင်ဆိုင်မှုသဘောကိုပျက်ပြားစေသည့်မည်သည့်လုပ်ဆောင်ချက်ကိုမှမပြုလုပ်ရဟုပြဌာန်းထားသော်လည်း ဈေးကွက်အတွင်းတွင် ဆင်းကဒ် ၃ ကဒ်ကို ငွေကျပ် ၁၀၀၀ အင်တာနက်အလားပေးရောင်းနေခြင်းသည် ဥပဒေကိုပြောင်းလှောင်နေသည်ဟု ခံစားရသည်ဟု မေးခွန်းမေးမြန်းစဉ်ထည့်သွင်းပြောကြားခဲ့သည်။ 

လက်ရှိ ဈေးကွက်အတွင်းတွင် အသုံးပြုနေသော ဖုန်းဆင်းကဒ်ပေါင်း သန်း ၆၀ ခန့်ရှိသည်ဟုသိရသည်။ ယင်းဆင်းကဒ်များအားလုံးသည် Biometric စနစ်တွင် မှတ်ပုံပြန်တင်ရမည်ဖြစ်သည်။


0 comments:

Post a Comment