
ယခုနှစ် မိုးရာသီအတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ပထမဆုံးအကြိမ် မြင့်တက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုရှိ ခုနစ်မြို့အတွက် ရေဘေးသတိပေးချက် ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ဘားအံမြို့ ၏ စိုးရိမ်ရေမှတ်သို့ သြဂုတ် ၅ ရက် နံနက်က ရောက်ရှိလာသော သံလွင်မြစ်ရေသည် ယင်းနေ့ ည နေတွင် စိုးရိမ်ရေမှတ်အထက် တစ်ပေကျော် သွားသည်ဟု မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
‘‘မြစ်ရေက အတက်ကြမ်း တယ်။ ရေဘေးက အခုစနေပြီ။တော်တော်လေး ဂရုတစိုက်နေနေရတယ်’’ဟု ဘားအံမြို့ ဒေသခံ စောစေးဝါးက ပြောသည်။ လက်ရှိ၌ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် လူဦးရေ၂,၇၀၀ ခန့်၊ ပဲခူးတိုင်း ကျောက်ကြီး၊ မိုးညို၊ မဒေါက်နှင့် ရွှေကျင်မြို့တွင် ၂,၀၀၀ ခန့်၊ မွန်ပြည်နယ်ဘီးလင်းနှင့် ရေးမြို့နယ်တွင် ၃၀၀ခန့်သည် ရေဘေးကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံနေရသည်။
လာမည့် ရက်များအတွင်း မိုးကြီးနိုင်ကြောင်း သတိပေးထားသလို မြစ်ရေများလည်း ဆက်လက်မြင့်တက်နေ၍ ရေဘေးက ဆက်လက်ခြိမ်းခြောက်နေသည်။ သြဂုတ် ၅ ရက် အခြေအနေအရ စစ်တောင်း၊ ရွှေကျင်နှင့် သံလွင်မြစ်သည် မဒေါက်၊ ရွှေကျင်နှင့်ဘားအံမြို့တွင် စိုးရိမ်ရေမှတ် အထက်၊ သောင်ရင်း၊ ငဝန်၊ ဘီးလင်းနှင့် တိုးမြစ်သည် မြဝတီ၊ သာပေါင်း၊ ဘီးလင်းနှင့် မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အနီး ရောက်ရှိနေသည်။
အထက်ပါမြို့ ခုနစ်မြို့တွင် ရေဘေးအထူးသတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်း၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တွင် မိုးကောင်းနေသည်မှာ ငါးရက်ခန့်ရှိနေပြီး ဆက်လက်မိုးကြီးနိုင် ကြောင်း သတိပေးထားသည်။
7Day






0 comments:
Post a Comment