Tuesday, August 6, 2019

ရန်ကုန်တွင် Smart card ကိုင်ထားသည့် အိမ်ထောင်စု တစ်သိန်းခွဲ ခန့်ရှိ ၊ လူဦးရေ လေးသိန်းကျော် ငါးသိန်းခန့် နေရေးအခက်အခဲ ဖြစ်နေ

Image may contain: 1 person, standing, flower, plant and text

ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေအလိုက် စာရင်းကောက်ပြီး Smart card ပေါင်း တစ်သိန်းခွဲခန့် ထုတ်ပေးခဲ့ကြောင်း၊ Smart card ကိုင်ထားသည့် အိမ်ထောင်စု တစ်သိန်းခွဲခန့် ရှိသည့်အတွက် လူဦးရေ လေးသိန်းကျော် ငါးသိန်းခန့် နေရေးအခက်အခဲ ဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၅ ရက်တွင်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ယာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် UN-HABITAT တို့ပူးပေါင်းစီစဉ်သော ရန်ကုန်မြို့ပြဒေသ ကျူးကျော်လူနေအိမ်များကို လူမှုစီးပွားရေး ရှုထောင့်မှ ကူညီပံ့ပိုးပေးခြင်း စီမံချက်များ အကောင် အထည်ဖော်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်၏ အနာဂါတ်ကို မည်သည့် ပုံစံမျိုး ဆက်လက်သယ်ဆောင် သွားမည်ဆိုသည်မှာ အရေးကြီးဆုံးကိစ္စဖြစ်ကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရ၊ ပြည်ထောင်စု ဦးစီးဌာနများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ရှိသည့် သူများ အားလုံးက စိတ်ဝင်စားကြကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် စီးပွားရေး မြို့တော်ကြီးဖြစ်ကြောင်း စီးပွားရေး မြို့တော်ကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မည်ဆိုလျှင် အရေးကြီးဆုံးကိစ္စသည် နေရေးဖြစ်သည်ဟု ၀န်ကြီးချုပ်ကပြောသည်။
ထို့အပြင် နေရေး အခက်အခဲဖြစ်နေသည့် သူများထဲတွင် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီများမှာ အလုပ်လုပ်နေသူများ၊ လက်လုပ်လက်စားများလည်း ငှားရမ်းနေထိုင်ရပြီး အခက်အခဲဖြစ်နေကြသည့် ဘဝများ အများကြီးရှိကြောင်း၊ ယခု မိမိပြောသည့် လေးသိန်းကျော် ငါးသိန်းသော လူဦးရေသည် ကျူးကျော်တဲများမှာ နေထိုင်နေသည့် သူများကို ဆိုလိုခြင်း ဖြစ်ကြောင်း၊ နေရေးအခက်အခဲဖြစ်နေသည့် ကျူးကျော်နေထိုင်သူများသည် ၎င်းနေရာတွင် ကောင်းမွန်ပြီး နေချင်စဖွယ်ဖြစ်၍ နေနေခြင်းမဟုတ်ကြောင်း၊ ၎င်းတို့၏ လူမှုဘဝအတွက် အဆင်အပြေနိုင်ဆုံး နေရာတွင် နေနေရခြင်းဖြစ်ကြောင်း၊ လည်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment