
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုဖြစ်ပေါ်နေတဲ့ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဆက်သွယ်ရာမှာ အသံဖိုင်တချို့ပေါက်ကြားခဲ့ပြီး အသံဖိုင်တွေထဲမှာ သမ္မတထရမ့်က အုပ်ချုပ်ရေးမှူးတွေကို ပျော့ညံ့တယ်လို့ အပြစ်တင်ဝေဖန်ခဲ့ပြီး အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဆန္ဒပြသူတွေအပေါ် လွှမ်းမိုးချုပ် ကိုင်ရမှာဖြစ်ပြီး ဖမ်းဆီးညှိနှိုင်းမှုတွေကိုပါ လုပ်သွားရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုပြောကြားမှုနဲ့ပတ်သက်ပြီး Houston မြို့ရဲ့ ရဲချုပ်ဖြစ်သူ အာ့ထ် အာစီဗီဒို (Art Acevedo) က ဒေါ်နယ်ထရမ့်ကို ပါးစပ်ပိတ်ထားဖို့ အင်တာဗျူးတစ်ခုကနေ ပြောကြားခဲ့ပါတယ်။ ဆန္ဒပြမှုဆိုတာ မနှိမ်နင်းဘဲထားရင် တစ်စထက်တစ်စပိုဆိုးလာမှာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပျော့ညံ့နေမယ်ဆိုရင် ဆန္ဒပြသူတွေဟာအောင်နိုင်သွားမှာဖြစ်တယ်လို့ ထရမ့်က ပြောခဲ့တာပါ။
သမ္မတထရမ့် ပြောသလို ရဲသားတွေအနေနဲ့ အပြင်ထွက်ပြီး လူထုကို လွှမ်းမိုးချုပ်ကိုင်သင့်သလားလို့ CNN သတင်းဌာနက Houston မြို့ရဲ့ ရဲချုပ် အာစီဗီဒိုကို မေးမြန်ခဲ့ရာမှာ အာစီဗီဒိုက သမ္မတ ထရမ့်အနေနဲ့ အပြု သဘောဆောင်တဲ့ ပြောဆိုခြင်းမျိုးမဟုတ်ရင် ပါးစပ်ကိုပိတ်ထားပေးဖို့ ရဲသားတွေအားလုံးရဲ့ကိုယ်စား ပြောချင်ပါတယ်လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းဟာ လူထုကိုချုပ်ကိုင်ဖို့မဟုတ်ကြောင်းနဲ့ လူထုရဲ့ချစ်ခင်မှုကိုရယူဖို့နဲ့ လူထုရဲ့စိတ်ကို ဖမ်းဆုပ်နိုင်မှသာ ပြေလည်နိုင်မှာဖြစ်တယ်လို့ အာစီဗီဒိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါကြောင့် သူက ထရမ့်ကိုဝေဖန်ခဲ့ပြီး ကောင်းမွန်တဲ့ခေါင်းဆောင်မှုကို လိုအပ်နေပြီလို့ ဆိုပါတယ်။ အခုအချိန်မှာ သမ္မတတစ်ဦးပီပီ ပြုမူသင့်နေပြီး အလုပ်သင်တစ်ယောက်လို ပုံစံမျိုးမပြုမူသင့်ဘူးလို့ သူက ပြောခဲ့ပါတယ်။
အခုဖြစ်နေတာတွေဟာ ဟောလီးဝုဒ်မှာဖြစ်နေတာမဟုတ်ဘဲ လက်တွေ့ဘဝမှာ ဖြစ်နေတာကြောင့် အန္တရာယ်တော့ရှိမှာပဲလို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အခုလိုဆန္ဒပြမှုတွေလုပ်မယ့်အစား အမုန်းတရားကို ကျော်လွှားနိုင်မယ့် တစ်ခုတည်းသောအရာဟာ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုဖြစ်ပြီး ပြည်သူတွေအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ စိတ်ဆန္ဒတွေကို ထိန်းချုပ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် အခွင့်အ ရေးကို လက်မလွှတ်ဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။
နောက်ဆုံးအနေနဲ့ ထရမ့်ပြောတဲ့ စကားတွေအပေါ် တုန့်ပြန်မှုမပြုဖို့ ပြည်သူလူထုကို အာစီဗီဒိုက မေတ္တာရပ် ခံခဲ့ပါတယ်။ရဲအရာရှိ အာစီဗီဒိုဟာ ကျူးဘာနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက်လေးနှစ်အရွယ်မှာ မိသားစုနဲ့အတူ အမေရိကန်နိုင်ငံကို ပြောင်းရွေ့အခြေချခဲ့သူပါ။
သူ့ရဲ့ ဖခင်ဟာ ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့မှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အာစီဗီဒိုဟာ ၂၀၀၇ ခုနှစ်မှာ Austin မြို့ရဲ့ ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလကစပြီး Houston မြို့ရဲ့ ရဲချုပ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
Source O Media






0 comments:
Post a Comment