
သြဂုတ်လအတွင်း အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များမှ ခန့်မှန်းတန်ဖိုး ကျပ်သိန်းနှစ်သောင်း နီးပါးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ပစ္စည်းများ၊ အကောက်ခွန်မဲ့ အရက်ဘီယာ၊ စီးကရက်များကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ် ၁၃ ရက်က မန္တလေး ကျောက်ချောပူးပေါင်း စစ်ဆေးရေး စခန်းတွင် ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက်နှစ်သိန်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဒေသခန့်မှန်းတန်ဖိုး ကျပ်သိန်းတစ်သောင်းခန့်ရှိကြောင်း သိရသည်။ အလားတူ သြဂုတ် ၁၆ ရက်တွင်လည်း မန္တလေးကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်းတွင်ပင် ဒေသခန့်မှန်းတန်ဖိုး ကျပ်သိန်းရှစ်ထောင်ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀၀ ပြားကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ သြဂုတ် ၁၂ ရက်က ကျောက်ချော ပူးပေါင်းစစ်ဆေးရေး စခန်းတွင် အကောက်ခွန် ဦးစီးဌာနမှ ကျောက်စိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ကျောက်ချောစခန်းတွင် ဖမ်းဆီးရမိခဲ့သည့် ကျောက်စိမ်းများမှာ မန္တလေးမှမူဆယ်သို့ သယ်ဆောင်သွားမည့် ကျောက်စိမ်းများဖြစ်ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၂၅ သိန်းရှိ ကျောက်စိမ်း ၁၇ ထုပ်ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၁၈ ရက်ကလည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ယာဉ်ငယ်စစ်ဆေးရေးဂိတ်၌ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၃ သိန်း ရှိကျောက်စိမ်း လက်ကောက် ၂၀၅၀ ကွင်းကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သြဂုတ် ၅ ရက်နှင့် ၆ ရက်များတွင် မန္တလေးမြို့တွင်း အကောက်ခွန်မဲ့နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်များ ဖော်ထုတ်သိမ်းဆည်းခဲ့ရာ ကျပ် ၁၆၇ သိန်း တန်ဖိုးရှိ အဆိုပါပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်းခဲ့ပြီး အကောက်ခွန် ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇူလိုင်မှ သြဂုတ်လ ပထမပတ်အတွင်း မန္တလေး ၁၆ မိုင် စစ်ဆေးရေး စခန်း၌ တရားဝင် စာရွက်စာတမ်း တစ်စုံတစ်ရာ မပါရှိဘဲ သယ်ဆောင်လာသည့် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ရာ မိုဘိုင်းဖုန်း အလုံးရေ ၄၀ နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး ခန့်မှန်းတန်ဖိုး ကျပ် ၆၄ ဒသမ ၅ သိန်းခန့်ရှိကြောင်း သိရသည်။
eleven media group






0 comments:
Post a Comment