Thursday, August 22, 2013

ကမ္ဘာ့မြေငလျင် ကြိုတင်ကာကွယ်ရေးအဖွဲ့နှင့် မြန်မာဆွေးနွေးမည်

မြန်မာနိုင်ငံ မြေငလျင်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးရန်အတွက် ကမ္ဘာ့မြေငလျင် ကြိုတင် ကာကွယ်ရေးအဖွဲ့ (WSSI) နှင့် မြန်မာနိုင်ငံ မြေငလျင်ဆိုင်ရာ သုတေသနပြု လေ့လာရေး အဖွဲ့အစည်းများ သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၌ တွေ့ဆုံ မည် ဖြစ်ကြောင်း အဆိုပါအသင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ World Seismic Safely Initiative (WSSI) အဖွဲ့ကြီးအနေဖြင့် ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံသို့ ယခုလာရောက်ခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင် ဌာနခွဲ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူများနှင့် အခြားသော သုတေသန ပညာရှင်များကလည်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကာလ မြေငလျင် လှုပ်ခတ်နိုင်မှု အခြေအနေနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ နည်းပညာများ အထောက်အကူပေးခြင်း စသည်တို့ကို ဆောင်ရွက်သွားနိုင်ရန်အတွက် ပူးပေါင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြောကြားသည်။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲတွင် အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ရွာပေါင်း ၉၀ နှင့် ပြည်သူပေါင်း နှစ်သောင်းနီးပါး ငလျင်ဒဏ် သင့်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစိုးရ၏ တရားဝင် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

စစ်ကိုင်းပြတ်ရွေ့ကြောအပေါ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်များမှာ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးတွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၁၊ ၁၉၉၁ ခုနှစ်တွင် တကောင်းမြို့အနီး၌ ၇ ဒသမ ၀၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီး၌ ၆ ဒသမ ၇ နှင့် ၂၀၁၂ ခုနှစ်တွင် (ရွှေဘို) သပိတ်ကျင်း မြို့အနီး၌ ၆ ဒသမ ၈ တို့ဖြင့် လှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ မှတ်တမ်းများအရ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment