ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရေး ကော်မတီဝင်များ တွေ့ဆုံသည့်
စုံညီအစည်းအဝေးကို သြဂုတ် ၂၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ပြီး
၎င်းအစည်းအဝေးတွင် ငွေရတုပွဲမှ ရရှိလာသည့် ရလဒ်များအား အကောင်အထည်
ဖော်ရန်အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းမည်ဟု သိရသည်။ လက်ရှိတွင် ရှိနေသည့်
ကော်မတီများအား ဖျက်သိမ်းလိုက်ပြီး ယခင်က ငွေရတုပွဲအတွက်
ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဖွဲ့ ၂၂ ဖွဲ့နှင့် တစ်သီးပုဂ္ဂလများ
လာမည့်သြဂုတ် ၃၁ ရက်တွင် ထပ်မံတွေ့ဆုံမည်ဟု သိရသည်။
ထပ်မံဖွဲ့စည်းမည့် ကော်မတီတွင် ပါဝင်မည့်သူများသည်
အချိန်ပေးနိုင်သည့်အပြင် အရည်အချင်း ရှိသူများသာ ဖြစ်ရမည့်အပြင်
တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ရည်မှန်းချက်များအား အကောင်အထည်
ဖော်ရမည့်သူများ ဖြစ်သဖြင့် နာမည်ပျက်ပါ ကင်းတဲ့သူ ဖြစ်ရမည်ဟု စံအနေနှင့်
သတ်မှတ်ခဲ့ကြောင်းကို အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေး
အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုရဲအောင်က ပြောကြားသည်။
"ရှစ်လေးလုံးပွဲကနေ ထွက်လာတဲ့ ရလဒ်သုံးခုဆိုတာက လူတိုင်းမျှော်လင့်နေတဲ့
အရာပဲလေ။ ဒါကိုဆက်ပြီး အကောင်အထည် ဖော်မယ်ဆိုတာကို ကြိုဆိုပါတယ်။ ဒီရလဒ်က
တစ်နိုင်ငံလုံး ပါဝင်ဆွေးနွေးပြီး ပေါ်လာတဲ့ အချက်တွေကို အကောင်အထည်
ဖော်မှာဆိုတော့ ဘာမှပြောဖို့ မလိုပါဘူး" ဟု ကိုရဲအောင်က ပြောကြားသည်။
ထို့နောက် ဆက်လက်ပြီး ရှစ်လေးလုံး ငွေရတုပွဲ၏ ငွေစာရင်း
ရှင်းတမ်းများအား ယာယီရှင်းလင်းခဲ့ပြီး ပိုငွေအား မည်သို့ဆက်လက်
သုံးစွဲမည်ကို လည်းကောင်း၊ ရှစ်လေးလုံး အရေးတော်ပုံ အခွေများ ထပ်မံထုတ်ရန်၊
သ၀ဏ်လွှာများ၊ ငွေရတု ကြေညာချက်များ၊ လုပ်ငန်းစဉ် ဆွေးနွေးချက်များအား
စာအုပ်အဖြစ် ထပ်မံထုတ်ပြန်ရန် ရှိသည်ဟု သိရသည်။ ငွေစာရင်းရှင်းရန်အတွက်
ပြင်ပမှ စာရင်းကိုင်များအား ငှားရမ်းစစ်ဆေးနေသည်ဟု ကော်မတီဝင်
တစ်ဦးဖြစ်သည့် ဦးမြအေးက ပြောကြားသည်။
သြဂုတ် ၆၊ ၇ ရက်များတွင် ကျင်းပသည့် ရှစ်လေးလုံးငွေရတု ဆွေးနွေးပွဲမှ
(၁)အားလုံးပါဝင်နိုင်သော ပင်လုံကဲ့သို့ အမျိုးသားညီလာခံတစ်ခု ကျင်းပရန်၊
(၂)ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန်နှင့် အရေးတော်ပုံအတွင်း
သေဆုံးသွားသူများအား ဂုဏ်ပြုမှတ်တမ်း တင်ရန်တို့ကို သဘောတူခဲ့ကြသည်။
Eleven Media Group






0 comments:
Post a Comment