၈ လေးလုံးအရေးတော်ပုံ ကာလတွင် ရခိုင်အမျိုးသားများ စုပေါင်းပြီး အာဏာရအစိုးရကို ဖယ်ရှားရေး ဆောင်ရွက်ခဲ့သည့် ရခိုင်အမျိုးသားသမဂ္ဂ ငွေရတု အခမ်းအနားကို ရခိုင်အမျိုးသားသမဂ္ဂနေ့ ခေါင်းစဉ်ဖြင့် ကျင်းပခွင့်မပြုသဖြင့် အမည်ပြောင်းလဲ ကျင်းပခဲ့ရကြောင်း အဆိုပါ အခမ်းအနား၏ သဘာပတိဖြစ်သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောကြားသည်။
ရခိုင်အမျိုးသားသမဂ္ဂကို ထူထောင် ခြင်း (၂၅) နှစ်မြောက် ငွေရတုအခမ်းအနားကို ရခိုင်အမျိုးသားနေ့ ခေါင်းစဉ်ဖြင့် ကျင်းပခွင့် မပြုသဖြင့် ရခိုင်တိုင်းရင်းသားများ တွေ့ဆုံပွဲ အမည်ပြောင်းကာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရကြောင်း ၄င်းကဆိုသည်။
ရခိုင်အမျိုးသားသမဂ္ဂနေ့ကို အစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် နေ့ရက် မဟုတ်သည့်အတွက် အဆိုပါ ခေါင်းစဉ်ဖြင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောဆိုချက်ကို ကိုးကားကာ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြား သည်။
ရှစ်လေးလုံးငွေရတု အခမ်းအနား ကို ကျင်းပခွင့်ပြုခဲ့သော်လည်း ယင်းလှုပ်ရှားမှု၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် ရခိုင်အမျိုးသားသမဂ္ဂနေ့ ငွေရတုအမည်ဖြင့် ကျင်းပခွင့် မပြုခြင်းမှာ ခွဲခြား ဆက်ဆံခြင်း လားဟု မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်ကြောင်း ဦးအေးသာအောင်က ဆို သည်။
ရခိုင်အမျိုးသားသမဂ္ဂကို ဖွဲ့စည်းစဉ်က အာဏာရှင်စနစ်ကို ဖယ်ရှားရန်နှင့် ဒီမိုကရေစီစနစ် ထွန်းကားရေး အပြင် လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ ရရှိရန်အတွက် ရှစ်လေးလုံး လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ပြီး ရခိုင်တိုင်းရင်းသားများ အနေနှင့် ဂါရဝပြုသင့်သူကို ဂါရဝပြုသည့် အခမ်းအနား ဖြစ်ကြောင်း အဆိုပါအခမ်းအနား ကျင်းပသူများထံမှ သိရှိရသည်။
ရခိုင်အမျိုးသားသမဂ္ဂကို ဗဟန်းမြို့နယ် ဦးထောင်ဘိုလမ်းရှိ ဓညဝတီကျောင်းတွင် ၁၉၈၈ ခုနှစ် စက်တင် ဘာလ ၃ ရက်နေ့တွင် လူပုဂ္ဂိုလ် ၁၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
ထက်အောင်ဖြိုး
The Voice Weekly






0 comments:
Post a Comment