ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်နေသည့် ဘားအံမြို့ မြို့မအားကစားကွင်းအတွင်း ငွေမိုးကုမ္ပဏီမှ ဟိုတယ်အဆောက်အအုံ ဆောက်လုပ်နေခြင်းအပေါ် ဘားအံမြို့ခံပြည်သူများ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တိုင်ကြားထားကြောင်း သိရသည်။
"ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဆီကို သြဂုတ်အတွင်း ဟိုတယ်ဆောက်လုပ်မှု အမြန်ဆုံး ရပ်ဆိုင်းဖို့ တိုင်ကြားစာ ပို့ထားပေမယ့် ဒီကနေ့ထိ အဆောက်အအုံကို ဆက်လက်ဆောက်လုပ်နေတယ်။ ဒါဟာ လူထုဆန္ဒကို မျက်ကွယ်ပြုတဲ့သဘော ဖြစ်တယ်။ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ပြုမူတဲ့အတွက် ကျွန်တော်တို့ ဘားအံမြို့ခံ ပြည်သူအားလုံး ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" ဟု မြို့မအားကစားကွင်း ပြန်လည်ရရှိရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။
မြို့မအားကစားကွင်းသည် ဘားအံမြို့ အမှတ် (၃)ရပ်ကွက် ကွင်းအမှတ် (၂)၊ ဦးပိုင် အမှတ် (၇)တွင် တည်ရှိပြီး အကျယ်အ၀န်း ၃ ဒသမ ၁၂ ဧက ကျယ်ဝန်းကာ ကွင်းနှင့်တစ်ဆက်တစ်စပ်တည်း အာဇာနည် ကျောက်တိုင်တည်ရှိပြီး အဆိုပါ အားကစားကွင်းအတွင်း အာဇာနည်နေ့ ချီတက်အလေးပြုရာ နေရာအဖြစ် သတ်မှတ်ကျင်းပလေ့ရှိကြောင်း သိရသည်။
"မြို့မအားကစားကွင်းဟာ ဘားအံမြို့ သမိုင်းရဲ့ စာမျက်နှာတစ်ရွက် ဖြစ်တယ်။ ဒေသခံ လူငယ်အားကစားသမားတွေ လေ့ကျင့်ကစားကွင်း တစ်ခုလည်း ဖြစ်တယ်။ လတ်တလော ပြိုင်ပွဲကျင်းပတဲ့ အောင်သံလွင် အားကစားကွင်းကို ၂၀၁၁ ခုနှစ်ကတည်းက ဇွဲကပင်ယူနိုက်တက် အသင်းကို ရောင်းစားလိုက်လို့ ပြိုင်ပွဲကျင်းပမယ့်ကွင်း မရှိတော့ဘူး။ အခု မြို့မလေ့ကျင့်ရေး အားကစားကွင်းကိုလည်း ဟိုတယ်ဆောက်ဖို့ နှစ် ၉၀ ဂရန်နှင့် ရောင်းစားလိုက်ပြီဆိုတော့ ဘားအံမြို့မှာ အားကစားကွင်း မရှိတော့ဘူး" ဟု ပြည်နယ်ဘောလုံး လက်ရွေးစင်ဟောင်း အသက် ၇၀ ကျော် ဆရာဦးယုနွယ်က ပြောကြားသည်။
ဘားအံမြို့မ အားကစားကွင်းအတွင်း အဆောက်အအုံ ဆောက်လုပ်နေမှုအား ဒေသခံ ပြည်သူလူထုမှ ကန့်ကွက်ခြင်းကို ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘားအံမြို့ခံ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ၌ လည်းကောင်း ဘားအံမဲဆန္ဒနယ် အမှတ် (၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်က တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်းကလည်း ဒေသခံလူထု မလိုလားပါက ပြည်သူလူထု ဆန္ဒအတိုင်း လိုက်လျောပေးရန် လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment