Sunday, October 6, 2013

ကော်ရှူခြင်း အလေ့အထကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးရှစ်မြို့တွင် တွေ့ရှိနေပြီး အသက် ၁၁ နှစ်မှ ၁၇ နှစ်အတွင်း လူငယ်များ အများဆုံး သုံးစွဲနေ

ကော်ရှူခြင်း အလေ့အထကို ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ကြီးရှစ်မြို့တွင် တွေ့ရှိနေရပြီး အသက် ၁၁ နှစ်မှ ၁၇ နှစ် အတွင်းရှိ ဆယ်ကျော်သက် လူငယ်များ အများဆုံး သုံးစွဲလျက်ရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က နေပြည်တော်တွင် ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားချက်အရ သိရသည်။

ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ပြင်ဦးလွင်၊ ပုသိမ်၊ မြိတ်၊ ကော့သောင်း၊ ထားဝယ်မြို့များရှိ ဆယ်ကျော်သက် လူငယ်များအကြား ကော်ရှုခြင်း အလေ့အထ ပိုမိုကျယ်ပြန့်လာပြီး အများအားဖြင့် သစ်သားဆက်ကော်၊ ပိုက်ဆက်ကော်များကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆယ်ကျော်သက် လူငယ်များတွင် မူးယစ်ဆေး အစားထိုး ပစ္စည်းအဖြစ် ကော်ရှုခြင်း အလေ့အထအပြင် ဓာတ်ဆီ၊ ရေနံဆီများကိုလည်း အသုံးပြုမှု ပိုမိုများပြားလာကြောင်းနှင့် မူးယစ်ဆေးအသွင် အလွဲသုံးနေသည့် ကော်သည် Toluene၊ Acetone၊ Methyl Ethyl Ketone၊ Ethyl Acetate ဓာတုပစ္စည်း လေးမျိုးကို အချိုးကျ ရောစပ်ရရှိသော Thinner နှင့် ရော်ဘာပြားကော်မှုန့်တို့ ပေါင်းစပ်ပြီး ရရှိလာသည့် အိမ်သုံးပစ္စည်း ကော်ဖြစ်ကြောင်း၊ ယင်းကို ရှူရှိုက်နေခြင်းသည် ကော်ရှူခြင်း မဟုတ်ဘဲ ဓာတုပစ္စည်း လေးမျိုးကို ရှူရှိုက်နေခြင်း ဖြစ်သဖြင့် လွန်စွာအန္တရာယ် ကြီးမားကြောင်း သိရသည်။

"ကော်ရှူတာကို ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက် လူငယ်တွေမှာ တွေ့ရတတ်တယ်။ သူက မူးယစ်ဆေး အသုံးပြုရင်ရတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်ကော်က ထွက်လာတဲ့ အငွေ့က အဆိပ်အတောက် ဖြစ်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေတယ်။ လတ်တလော လက္ခဏာတွေဆိုရင် မူးဝေတာ၊ မှိန်းသွားတာမျိုးတွေ ဖြစ်ပြီး ဒါကို နှစ်ရှည်လများ သုံးစွဲရင် ဦးနှောက်ကို အပြင်းအထန် ထိခိုက်နိုင်ပါတယ်" ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာမျိုးမင်းက ဆိုသည်။

မူးယစ်ဆေး အစားထိုး ပစ္စည်းအဖြစ် စက်ဘီးဘီးဖာသည့် ကော် (သို့) ပိုက်ဆက်ကော်စသည့် ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ကော်များကို လက်အတွင်း (သို့) ပလတ်စတစ်အိတ် အတွင်းထည့်ကာ နှာခေါင်းနှင့်အနံ့ကို ရှူရှိုက်ခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အသုံးပြုခြင်းသည် မူးယစ်ဆေးဝါး အသုံးပြုခြင်းကဲ့သို့ ခံစားမှုမျိုးကို ရရှိစေကြောင်း သိရသည်။ ကော်ရှူခြင်း ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥပဒေပေါ်ထွက်ရေး အစီအစဉ် ရှိ၊ မရှိနှင့် အုပ်ချုပ်ရေးပိုင်းမှ အလေးထား ဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ သ၀ဏ်လွှာ ပေးပို့သွားမည်ဟု ပြန်လည်ပြော ကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment