မြန်မာနိုင်ငံ၏ စပါးကျီအဖြစ်တင်စားကြသည့် ဧရာဝတီတိုင်းအတွင်းရှိ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ အိမ်မဲမြို့နယ်များတွင် မိုးစပါးစတင်စိုက်ပျိုးချိန်ကျော်သည်အထိ မိုးရေလုံလောက်စွာမရမှုကြောင့် အ၀ီစိတွင်းရေတူးရမှု သုံးဆခန့်မြင့်လာသည်ဟု လုပ်ငန်းရှင် ဦးစိုးလွင်က မဇ္ဈိမကို ပြောသည်။
“သူတို့ မဖြစ်မနေတူးရတာကိုး။ ဘာလို့လဲဆိုတော့ ပျိုးပင်တွေကလည်း ရင့်နေပြီ။ တချို့လည်း လယ်တစ်ဧ က၊ နှစ်ဧကလောက်နဲ့ တွင်းတွေတူးနေရတယ်”ဟု အ၀ီစိတွင်းတူးဖော်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ၎င်းက ပြောသည်။ဇူလိုင်လသည် မိုးစပါးစတင်စိုက်ပျိုးရေး အပြီးသတ်ရန် အချိန်ဖြစ်သော်လည်း မိုးရွာသွန်းမှုနည်း ပါးခဲ့၍ ယင်းဒေသရေ၀ပ်ရာ မြေနိမ့်ပိုင်းအတွင်းရှိ လယ်မြေများမှအပကျန်တောင်သူတို့ ထွန်ယက်စိုက်ပျိုးရန် ရေအခက်အခဲတွေ့နေကြခြင်းဖြစ်သည်။ထို့ကြောင့် ကိုယ်ထူကိုယ်ထအ၀ီစိတွင်း တူးဖော်ခြင်း၊ နီးစပ်ရမြစ်၊ချောင်း၊အင်းအိုင်များမှ ရေစုပ်စက်များအ သုံးပြု၍ စိုက်ပျိုးရေးအခက်အခဲကို ဖြေရှင်းနေရသည်ဟု တောင်သူတို့က ပြောသည်။
“အရင်နှစ်တွေက မိုးရေနဲ့စိုက်ရပေမယ့် အခုကရေတွင်းတူးရတော့စရိတ်စကများလာတယ်။ မိုးစောင့်ရင်းနဲ့ မလာတဲ့အဆုံး တူးရတော့တာပဲ။ အခုထိ စပါးတစ်ပင်မှမစိုက်ရသေးဘူး” ဟု လယ်ဆယ်ဧက ပိုင်ဆိုင်သူ ကန်ကြီးထောင့် မြို့နယ်၊ လက်ခုပ်ကျေးရွာမှ တောင်သူဦးသန်းထိုက်ဦးက ပြောသည်။
မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် ဒေသအ ချို့မိုးရေရရန် မသေချာဟု မဇ္ဈိမကို ပြောသည်။ ခန့်မှန်းတွက်ချက်မှုအရ မိုးလယ်ကာလ ဖြစ်သည့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ များအတွင်း၌ပင် ဒေသအချို့၌ မိုးရေရရန် ခက်ခဲနိုင်သည်ဟု ၎င်းကဆိုသည်။
“မိုးရွာပုံ၊ ရွာနည်းတွေက ဒီနှစ်မှာပုံမှန်မဟုတ်ဘူး။ ကုန်းတွင်းပိုင်းမှာထက် ပင်လယ်ထဲမှာရွာတာ များနေ တယ်။နည်းနည်းပုံစံပျက်နေတော့ မိုးရေရဖို့ရှိပေမယ့် မသေချာဘူးဖြစ်နေတာပေါ့”ဟု ဒေါက်တာ ထွန်းလွင် ကပြောသည်။
ယင်းသို့ အခြေအနေသည် အမြတ်အစွန်းရရေး အခက်အခဲဖြစ်စေသည်ဟု ဧရာဝတီတိုင်းအတွင်းရှိ တောင် သူအချို့က ပြောသည်။ အဆိုပါဒေသတွင် အ၀ီစိတွင်းတူးပါက အနက်ပေ ၈၀မှ ၂၅၀ အထိ တူးဖော်ရပြီး ၀န်ဆောင်ခ၊ ရေပိုက်၊ ရေစုပ် စက်နှင့် အခြားစရိတ်တို့အတွက် ကျပ်ငွေ ငါးသိန်းကျော် အပိုဆောင်း သုံးစွဲေ နေရသည်ဟု ဆိုကြသည်။
ထို့ပြင် ရေစုပ်စက်မောင်းတင်မှုအတွက် ဒီဇယ်ဆီဖိုးငွေ ကုန်ကျစရိတ်နှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်များ ထပ် မံကုန်ကျဦးမည်ဟု ညည်းတွားကြသည်။ “စိတ်ပျက်တယ်ဗျာ၊ ဒီလိုမျိုး တစ်ခါမှမကြုံဖူးဘူး” ဟု တောတန်းစု ကျေးရွာမှ အသက်ငါးဆယ်ကျော် လုပ်သက်ရင့်တောင်သူ ဦးတင်လှ က ပြောသည်။
ယင်းသို့ ဖြစ်ပေါ်နေမှုကို သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူတို့ ကွင်းဆင်း လေ့လာမှုပင်မရှိသေးဟု တောင်သူတို့က ဆိုသည်။







0 comments:
Post a Comment