Thursday, August 14, 2014

ထိုင်းဆောက်လက်စ ကွန်ဒိုပြိုကျမှု မြန်မာလုပ်သားများ သေဆုံးခြင်း မရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပရထွမ်ဌာနီခရိုင် အတွင်းရှိ ဆောက်လက်စ ကွန်ဒိုမီနီယမ် တိုက်ခန်း တစ်ခု ၆ လွှာမှစ၍ ပြိုကျခဲ့သည့် ဖြစ်စဉ်၍ မြန်မာနို င်ငံသား အလုပ် သမား များစွာ ပိမိ၍ သေဆုံးနေခဲ့ဟု သတင်းများ ထွက်ပေါ်ခြင်းမှာ လုံးဝမှန်ကန်မှုမရှိဟု ထိုင်းနိုင်ငံရှိ အလုပ်သမား သံအရာရှိ ဦးသိန်းနို င်က ငြင်းဆိုလိုက်သည်။



“မြန်မာနိုင်ငံသား အလုပ်သမားတွေ သေဆုံးခဲ့ရတယ် ဆိုတာ လုံးဝ လုံးဝ မဟုတ်ပါဘူး၊ အဲဒီ ဆောက်လုပ်ရေး ဆိုက်က တာဝန်ရှိသူတွေနဲ့လည်း ကျွန်တော်တို့ ချိတ်ဆက် ထားပါတယ်၊သတင်းထူးရင် အကြောင်းကြားပေးဖို့၊ မြန်မာ နိုင်ငံသား အလုပ်သမားတွေ တိုက်ပြိုပြီး သေဆုံးခဲ့ရတယ် ဆိုပြီး အမျိုးမျိုး ရေးသားနေကြတာတွေဟာ သတင်းအမှားတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ဦးသိန်းနိုင်က သြဂုတ်လ ၁၄ ရက်က မဇ္ဈိမကို တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားခဲ့သည်။သြဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါ ဆောက်လုပ်ဆဲ ကွန်ဒို တိုက်ခန်း ပြိုကျခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား ၃၃ ဦး သေဆုံးခဲ့ရကြောင်း၊ အခြား အွန်လိုင်း သတင်းများ၌လည်းမြန်မာနိုင်ငံသား ၁၀ ဦးကျော် သေဆုံးခဲ့ရကြောင်း အမျိုးမျိုး ပြောဆို ရေးသား နေကြသည်မှာ မှန်ကန်မှု မရှိဟု အလုပ်သမား သံအရာရှိမှ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြန်မာလုပ်သားများ သေဆုံးသည်ဆိုသည့် သတင်းကြောင့် သြဂုတ်လ ၁၂ ရက်က အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်နှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့်ဆရာတော် ဦးဇောတိကတို့က ကွင်းဆင်း၍ သွားရောက် ကြည့်ရှုခဲ့သည်။

ထိုကွန်ဒို တိုက်ခန်း ဆောက်လုပ်ရေး တာဝန် ယူထားသည့် U-Palace Condominium Project မှ တာဝန် ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့ပြီးနောက် သြဂုတ်လ ၁၂ ရက်မှ သြဂုတ်လ ၁၄ ရက်အထိမြန်မာ နိုင်ငံသား အလုပ်သမားများ သေဆုံးမှု မရှိကြောင်း အတည်ပြုနိုင်ဆဲ ဖြစ်သည်ဟု ဦးသိန်းနိုင်နှင့် ဆရာတော် ဦးဇောတိက တို့က မဇ္ဈိမကို ဖြေကြားထားသည်။



“စောစောပိုင်းတုန်းက သတင်းတွေမှာ မြန်မာပြည်သားတွေ ပါတယ် ဆိုပြီးတော့ ဖေ့ဘွခ်မှာ ဖတ်လိုက်ရလို့ ဘုန်းဘုန်း တို့ကလည်း ဒုတိယရက်မှာ သွားပြီး မေးမြန်းပါတယ်၊ တာဝန်ရှိသူတွေကနေပြီး မြန်မာနိုင်ငံသား အလုပ်သမားတွေ အဲဒီဆိုက်မှာ လုံးဝ မရှိပါဘူးလို့ ဆိုတဲ့ အခါကျတော့ မြန်မာ နိုင်ငံသား အလုပ်သမားတွေ မပါဘူး ဆိုတာကို အတည်ပြုခဲ့ပါပြီ” ဟု ဆရာတော် ဦးဇောတိက ကမဇ္ဈိမသို့ မိန့်ကြားသည်။

တိုက်ပြိုကျမှုနှင့် စပ်လျဉ်း၍ ထိုဆောက်လုပ်ရေး ကုမ္ပဏီမှ တရားခံဟု ယူဆရဖွယ် ရှိသည့် ၇ ဦးအား ထန်ရဗူရီ ခရိုင် တရားရုံးမှ တဆင့် ဖမ်းဝရမ်း ထုတ်ခဲ့ကာ သြဂုတ်လ ၁၄ ရက် အထိ ၇ဦး ထဲမှ၎ ဦးအား ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း အမှတ် (၁) ဒေသ ရဲမှူး ရဲဗိုလ်ချုပ် Gen. Srivara Rangsipramanakul အား ကိုးကား၍ ထိုင်းမီဒီယာများက ဖော်ပြကြသည်။

ထိုင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တိုက်ပြိုကျမှု၌ လူပေါင်း ၃၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည် ဟုသာ ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၁ ရက်၌ တိုက်ပြိုကျခဲ့ပြီးနောက် ၂၆ နာရီကြာ ရှာဖွေ၊ ကယ်ဆယ်ရေး လုပ်ခဲ့ပြီးနောက် အသက်ရှင်လျက် ထိုင်းနိုင်ငံသား ၃ ဦး ဖြစ်သည့် Mr. Klanarong Prapphai (၂၄) နှစ်၊Mr. Chettha Kumphuchart (၄၀) နှစ် နှင့် Mr. Phichet (၄၀) တို့အား ကယ်ထုတ် နိုင်ခဲ့သည်။

သြဂုတ်လ ၁၃ ရက်၌ အဆောက်အဦများအောက်၌ ပိမိ၍ သေဆုံး နေခဲ့သည့် ထိုင်းအမျိုးသား ငါးဦး၊ ကမ္ဘောဒီးယား အလုပ်သမား ၁ ဦးနှင့် အခြား ၁ ဦး တို့၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ရပြီးနောက် သြဂုတ်လ ၁၄ရက် အထိ သေဆုံးသူ ဦးရေမှာ ၁၀ဦး အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း ပရထွမ်ဌာနီ ခရိုင် အလုပ်သမား ကြီးကြပ်ရေးမှူးအား ကိုးကား၍ ထိုင်းမီဒီယာများက ရေးသားဖော်ပြကြသည်။တိုက်ပြိုကျခဲ့သည့် သြဂုတ်လ ၁၁ ရက်၌ပင် ၃ ဦးသေဆုံး ခဲ့ရပြီး ဖြစ်သည်။

ထပ်မံ၍ အခြား ၁၃ ဦး နီးပါး တိုက်ပြိုကျမှု၏ အပျက်အစီးများ အောက်၌ ပိမိနေသည်ဟုလည်း ကယ်ဆယ်ရေး အာဏာပိုင်များက ယူဆထားကြကြောင်း ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းတစ်ရပ်ကသြဂုတ် ၁၄ ရက်က ဖော်ပြထားသည်။

တိုက်ပြိုကျခဲ့စဉ် လူပေါင်း ၂၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ ၂၀ ဦးမှာ ဆေးရုံမှ ဆင်းနိုင်ပြီ ဖြစ်ပြီး ၅ ဦးမှာ ဆေးရုံ၌ ကုသမှု ဆက်လက် ခံယူနေရဆဲ ဖြစ်ကြောင်း ဘန်ကောက်ပိုစ့် သတင်း၌ ဖော်ပြထားသည်။


Mizzima

0 comments:

Post a Comment