Saturday, August 9, 2014

ကိုယ့်တာကို လုံအောင်ထိန်းကြပါစို့


ကျွန်မတို့နိုင်ငံကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်နေချိန်ကစလို့ အမြင်မတူတာတွေ ညှိယူရင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းပါဝင်ကြိုးစားကြခြင်းလုပ်ငန်းစဉ်ကသာ အဓိကကျနေခဲ့ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲယူရာမှာ လွှတ်တော်တွင်းက အမတ်များမှာသာ တာဝန်ရှိနေမှာမဟုတ်ပါဘူး။ သည်မြေပေါ်မှာနေနေတဲ့၊ သည်နိုင်ငံပေါ်မှာ ရပ်တည်နေသော တစ်ဦးချင်းတစ်ယောက်ချင်းစီမှာ ရည်မှန်းချက်ဆီအရောက်သွားမဲ့ စိတ်ဓါတ်တွေ၊ ခံယူချက်တွေ၊ စည်းလုံးခြင်းတွေပေါင်းစည်းပါမှ လိုရာခရီး ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ကြမှာပါ။ နိုင်ငံရဲ့အရေးဟာ နိုင်ငံရေးလုပ်သူတွေမှာသာ အကျုံးဝင်ပတ်သက် နေခြင်းမဟုတ်သလို ဟိုလူအသုံးမကျလို့၊ ဒီလူကဘာဖြစ်လို့ဆိုတဲ့ ဝေဖန်ချက်ပြင်းပြင်းနဲ့ လက်ညှိုးထိုး ၀ါဒဖြန့်ခြင်းနဲ့လည်း အလဟဿအချိန်တွေ နှောင့်နှေးမနေသင့်ပါဘူး။ ကျွန်မတို့ပြည်သူပြည်သားများအားလုံး ကိုယ့်စည်း၊ ကိုယ့်ခြံ၊ ကိုယ့်တာကို လုံအောင်ထိန်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် တစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်ပိုင်ခံယူချက်တွေနဲ့ တာဝန်ကျေအောင် ရေကုန်ရေခမ်းကြိုးစားသင့်ပါတယ်။ မြက်ပင်ရိုင်းတောကြီး တစ်ခုကို ခုတ်ထွင်ရှင်းလင်းရာမှာ တဦးတည်းကတာဝန်ယူလုပ်ဆောင်တာထက် ကိုယ့်တနေရာစာ ကွက်လပ်ကလေးကို ရှင်းလင်းပြောင်လက်သွားအောင် ခုတ်ထွင်လိုက်ခြင်းက တတောလုံးတယောက်ထဲ ရှင်းနေတာထက်စာရင် အပုံကြီးလျင်မြန်သွားစေပါတယ်။ နိုင်ငံကောင်းစားရင်၊ ကိုယ့်လူမျိုး တိုးတက်ရင် ကျွန်မတို့နေထိုင်ရာ အရပ်ဒေသကအလိုလိုထင်ပေါ်ကျော်ဇောလာတော့မှာအမှန်ပါပဲ။

လူတိုင်းပြောကြတဲ့ ဒီမိုကရေစီ၊ လိုချင်တပ်မက်ကြတဲ့ ဒီမိုကရေစီ။ ထိုလမ်းကြောင်းပေါ်ရောက်အောင် ရှေ့တလှမ်းတိုးလိုက်၊ အဆင်မပြေသူတွေ၊ ထော်လော်ကန့်လန့်တိုက်သူတွေကို နောက်ကြောင်းပြန် မချိတင်ကဲ ဖြစ်လိုက်။ ရှေ့တိုးနေသောခြေလှမ်းထက် ၂ဆလောက်ပြန်ဆုတ်နေရရင် ရွှေပြည်တော်မျှော်တိုင်းဝေးကြရ တော့မှာပါ။ ရှေ့တိုးသူလည်း ဆက်တိုးနိုင်အောင် ကန့်လန့်လိုက်သူတွေလည်း အမြင်မှန်ရပြီး တသွေးတည်း တသားတည်းကိုယ့်တာကို လုံအောင်၊ ကိုယ့်လမ်းကို တစိုက်မတ်မတ်ဖြောင့်အောင် လျှောက်ကြရရင် ဖွံ့ဖြိုးစမှသည် ဖွံ့ဖြိုးဆဲ၊ ထိုမှတဆင့် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် မကြာမီတက်လှမ်းနိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဒီမှာပြောစရာရှိလာပါတယ်။ ကိုယ့်တာကို ဘယ်လိုလုံအောင်ထိန်းမလဲဆိုတာပါပဲ။

တိုးတက်နေတဲ့နိုင်ငံတွေရဲ့ကျင့်ထုံးတွေ နည်းနာနိဿယတွေကိုအတုယူပြီး ကိုယ့်ရပ်တည်ရာအနေအထား နဲ့နှိုင်းယှဉ်၊ ပြင်သင့်တာတွေ ပြင်၊ လိုအပ်တာတွေ ဖြည့်ဆည်းခြင်းက တဖြည်းဖြည်း သိသာသောအပြောင်း အလဲတစ်ခုဖြစ်အောင် ပုံဖော်စေမှာပါ။ နိုင်ငံတော်ကြီးပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်ခေတ်မီစေဖို့ ကိုယ်တာဝန်ယူရာ ကိုယ့်နေရာဒေသ တကွက်စာလေးမှာ ပြင်ဆင်ကြပါလို့ဝါဒဖြန့်တိုင်း ထောက်ခံလိုက်လံ အားပေးသူတွေရှိသလို အဖျက်အမှောက်သမားတွေရဲ့ ပြောင်းပြန်စီးဆင်း တရွတ်တိုက်မှုတွေ တပုံတပင်ရှိ နေခြင်းကလည်း အမှန်တော့ ရင်လေးစရာကောင်းလှပါတယ်။

ကိုယ့်ကိုယ်ကိုပြန်လည်သုံးသပ်ခြင်းတွေ၊ ပြောင်းလဲရမဲ့ အပြောအဆို အနေအထိုင်၊ အမူအကျင့်လေးတွေကို တကိုယ်တာ ထိန်းသိမ်းနိုင်ကြမယ် ဆိုလျှင်တော့ ကျွန်မတို့ နိုင်ငံကြီးသည် ပြစ်မျိုးမှဲ့မထင်သော အနာဂါတ်တစ်ခုကို ပိုင်ဆိုင်ဖို့ အလားအလာရှိလာ မှာအသေအချာပါပဲ။

မျှဝေခြင်းတွေနဲ့ အတ္တမဆန်သော စိတ်ဓါတ်ကို ကလေးငယ်အရွယ်ကစ အသိတရားလေးဝင်လာအောင် သိမ်းသွင်းနိုင်ခဲ့ရင် ခံယူချက်မတူသော လူအများစုကို အချိန်ပေးစည်းရုံးနေစရာမလိုတော့သော လက်တွေ့စမ်းသပ်ချက်တစ်ခုကို တွေ့မြင်ရမှာပါ။

ဥပမာ မိုးနည်းရေရှားအရပ်ဒေသတွေမှာ ကြုံတွေ့နေရတဲ့ ရေလိုအပ်မှုအခက်အခဲတွေ ရင်ဆိုင်ရသော နိုင်ငံတွေ ရှိတဲ့အလျောက် ရန်ကုန်မြို့ပြရဲ့ ဓလေ့ထုံးစံအတိုင်း ရေမော်တာတင်ထားမှုတွေမှာ အမှုမဲ့အမှတ်မဲ့ သတိလက်လွတ်နေရင်းကနေ ရေတွေ တလဟောလျှံထွက် နေတာ၊ ရေပိုက်ခေါင်း မလုံမလဲဖြစ်နေတဲ့ ရေစီးသန်ပိုက်တစ်ခုကို သိသိလျက် သူပြင်နိုးစောင့်ရင်း လူမရှိချိန် ရေတွေအလဟဿယိုကျစီးဆင်းနေတာ။ သည်အချက်တွေကစလို့ တနေ့တာလှုပ်ရှားမှုမှာ အများနဲ့လိုက်လျော ညီထွေဖြစ်စေမဲ့ ဘတ်စ်ကားတွေပေါ် သုံးယောက်ထိုင်နေရာမှာ သတိမဲ့စွာ အိပ်ငိုက်နေခြင်းကိုအကြောင်းပြုပြီး ပေါင်ကားနိုင်သမျှကားကာ ထိုင်နေသူတွေ၊ ရဟန်းသံဃာများ၊ မိန်းကလေး(အမျိုးသမီး)များကို လစ်လျူရှုပြီး ကိုယ့်တနေရာစာအတွက် ကိုယ်လွတ်ရုန်းကာ လေလာရာမျက်နှာမူပြီး မသိကျိုးကျွံပြုနေကြသူတွေ၊ ကိုယ့်စီးပွားရေးမြင့်မားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားမ၀င်ကလေးစုံတွဲတွေကို ဟိုတယ်၊မိုတယ်များက အချိန်နာရီပိုင်း ငှားရမ်းသုံးစွဲခွင့်ပေးထားတာတွေ၊ အရွယ်မရောက်သေးသော ၁၈နှစ်မပြည့်ကလေးငယ်များကို ဆေးလိပ်ရောင်းချနေသူတွေ၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုတွေမှာ ဘယ်သူသေသေ ကိုယ်လွတ်ရင်ပြီးရော ထွက်ပြေးတိမ်းရှောင်တတ်သူတွေ သည်လိုလူတွေရှိနေခြင်းက တာဝန်မယူရဲသည့် စိတ်ဓါတ်အရင်းခံသော တကိုယ်စာမောက်မာမှုများ များပြားလာခြင်းလို့ဆိုနိုင်ပါတယ်။ သည်အချက်တွေက အတ္တမှစတင်သော လူ့ပတ်ဝန်းကျင် ညစ်ညမ်းစေမှု အတိုင်းအတာ၊ အနေအထားတွေပဲဖြစ်ပါတယ်။

ပါးစပ်ကပြောကောင်းတိုင်း ထွက်နေကြတဲ့ ဒီမိုကရေစီဟာ လူသားတိုင်းအပေါ်မှာမူတည်ပြီး ပေါက်ပွားလာမဲ့ သစ်ကောင်းတပင်ရယ်ပါ။

တက်ညီလက်ညီ ရေလောင်းပေါင်းသင်၊ ပေါင်းမြက်ရှင်းနိုင်မယ်ဆိုရင် သည်အပင်ပျိုလေးကစိမ်းလန်းလာမှ အသေအချာပါပဲ။ ကိုယ့်ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ဆောင်ရွက်နိုင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုပိုင်ဆိုင်ထားသူ လူသားများလို့ ဆိုပါသော်လည်း တပါးသူကို ထိခိုက်စေမဲ့၊ နစ်နာစေမဲ့ ၀ါးလုံးရှည်ကြီးနဲ့မရမ်းမိဖို့ဆိုတာကတော့ အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်ပဲဖြစ်နေပါတယ်။ မိမိရဲ့တနေ့တာလှုပ်ရှားမှုပေါ်မှာ ထိန်းသိမ်းတတ်ကြမယ်သာဆိုခဲ့ရင် ရွှေပြည်တော် မျှော်တိုင်းဝေးတော့မှာ မဟုတ်ပါဘူး။

ဆရာဇာဂနာရဲ့ စာပေဟောပြောပွဲတစ်ခုမှာပြောကြားခဲ့သလို နိုင်ငံသားဆိုတာ တာဝန်နဲ့အခွင့်အရေးဟူသော ကြိုးလေးနှစ်ချောင်းနဲ့ ချိတ်ဆက်ထားခြင်းမျိုးသာဖြစ်ပါတယ်တဲ့။ ကိုယ့်တာဝန်မှကိုယ်မကျေရင် ဘာအခွင့်အရေးမှ မရနိုင်ပါဘူးတဲ့။ မှန်ကန်သော အတွေးအမြင်တစ်ခုဖြစ်သလို ကျွန်မတို့ရှေ့ဆက်လုပ်ရမဲ့ လုပ်သင့်တဲ့ အဓိကအရေးကြီးသောအချက်က တာဝန်ပါပဲ။ ကိုယ့်တာကိုယ်ကျေရင်၊ ကိုယ့်ကိုယ်ကိုလုံရင် တစ်ဦးတစ်ယောက်ဆီတိုင်းမှာ ထပ်တူညီတဲ့အသိတရားတွေရှိနေခဲ့မယ်ဆိုရင် တက်လှမ်းရမဲ့အနာဂါတ်တိုင်းက လှပနေတော့မှာပါ။ ကျွန်မကြိုက်တဲ့ဆရာဇာဂနာရဲ့ အဖြစ်အပျက်ကလေးတစ်ခုလည်း ရှိနေပါသေးတယ်။ သူအမေရိကကိုရောက်တော့ တည်းခိုတဲ့အိမ်က ၁၅နှစ်သမီး ကလေးမလေးဆီမှာရှိနေတဲ့အသိတရားလေး တစ်ခုပါ။ ဆရာဇာဂနာကသူ့ရဲ့ Laptopထဲကို ရုပ်ရှင်တည်းဖြတ်ဆော့ဝဲလ်တစ်ခုထည့်ချင်ပါသတဲ့။ အဲ့ဒီဆော့ဝဲလ်က ဈေးကြီးပေးရတဲ့ ဆော့ဝဲလ်အမျိုးအစားလို့ ဆိုပါတယ်။ ဒီကလေးမလေးဆီမှာ သူလိုချင်တဲ့ဆော့ဝဲလ်လေးရှိကြောင်းသိရတော့ ၀မ်းပမ်းတသာနဲ့သွင်းပေးစေဖို့ တောင်းဆိုမိပါသတဲ့။

ဘာမှခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်တဲ့အတွက် ပတ်စ်ဝက်လေးရိုက်ထည့်ပေးလိုက်ရုံနဲ့အလုပ်မရှုပ် မပင်ပန်းသော စက္ကန့်မျှပေးရမဲ့အချိန်လေးပါ။ ဒီအချိန်မှာ သူမပြောလိုက်တဲ့စကားက အရွယ်နဲ့မလိုက်အောင် အတော်လေးကို ချီးကျူးမိပြန်ပါတယ်။ “ ဘယ်ရမလဲအန်ကယ်ရယ်၊ ကျွန်မက မူပိုင်ခွင့်ကိုချိုးဖောက်သလိုဖြစ်သွားမှာပေါ့။”တဲ့လေ။

ကြည့်စမ်းပါဦး။ ဒီကလေးတွေရဲ့စိတ်ထဲမှာ လိုက်နာရမဲ့စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကိုမှန်မှန်ကန်ကန် ကျင့်သုံးတတ်တဲ့စိတ်ရှိနေတယ်။ ကိုယ့်တာကိုယ်လုံတဲ့ အသိဥာဏ်တွေရှိနေပါတယ်။ သူမကလေးကို ချီးမွမ်းမိသလို ငါသာဆိုရင်လို့ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်မိတယ်။ ပေးမိမှာပါပဲ။


ခင်မင်မှုအထိန်းအမှတ်အရ သော်လည်းကောင်း၊ အားနာသမှုနဲ့သော်လည်းကောင်း ကိုယ့်အသိဥာဏ်တွေ ထိုင်းသွားလိမ့်ဦးမှာပါ။ သူ့စံနမူနာ လေးကိုထောက်ပြီး ကျွန်မအပါအ၀င်စာဖတ်သူတို့ ကိုယ့်တာကိုလုံအောင်ထိန်းကြပြီး မျိုးဆက်သစ် လူငယ်လေးတွေအပေါ်မှာလည်း တာဝန်ကိုသိတတ်အောင် ၊ လိုက်နာတတ်အောင်၊ ကျင့်သုံးတတ်အောင် ပြုစုပျိုးထောင်လိုက်ကြမယ်ဆိုရင် ကျွန်မတို့ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်ကြီးဟာ မဝေးတော့သောတစ်နေ့ အရောက်လှမ်းနိုင်ကြမှာပါ။ လူနေမှုဘ၀အသီးသီး၊ အကျင့်စရိုက်အသီးသီး၊ အရွယ်အဆင့်ဆင့်တို့အတွက် ကိုယ့်တာကိုလုံအောင်ထိန်းကြရင်း ကျွန်မတို့ရဲ့ခံယူချက်တွေ ပြင်ကြပါစို့ရဲ့။

ရေကြည်သူ

0 comments:

Post a Comment