သြဂုတ် ၁၄ ရက် ညနေပိုင်းက ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ တောင်သူများအား ရဲတပ်ဖွဲ့မှ ကျည်ဆန်အစစ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ပစ်မိန့်ပေးသူကို ဖော်ထုတ်အရေးယူပေးရန် ရွာသားများက တောင်း
ဆိုခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီကျော်တွင် ညောင်ဝန်းစံပြကျေးရွာ အလယ်တန်းကျောင်းအနီးရှိ ဘောလုံးကွင်းအတွင်း လယ်မြေသိမ်းဆည်းခံတောင်သူများမှ စုဝေးမှုများပြုလုပ်နေမှုကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ်ရှိ ဈေးသည်အမျိုးသမီးတစ်ဦး၏ ဘယ်ခြေသလုံးကို သေနတ်ထိမှန်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
“ပြီးခဲ့တဲ့ ဇွန် ၆ ရက်က ဘိုးဘွားပိုင်လယ်မြေတွေ ပြန်လည်ရရှိဖို့အတွက် ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ရွာရဲ့ဘောလုံးကွင်းထဲမှာ မကြာခဏလူစုပြီး ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့တဲ့ လယ်ယာမြေတွေပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ကြမယ်ဆိုတာ တိုင်ပင်နေတဲ့အချိန် ရဲတွေဝင်လာပြီး သေနတ်နဲ့ ပစ်ကုန်တာ။
အဲဒီအချိန်မှာ အခု သေနတ်ထိမှန်တဲ့ အမျိုးသမီးက အလုပ်ကိစ္စတစ်ခုနဲ့ ဘောလုံးကွင်းထဲဖြတ်အသွားမှာ ခြေထောက်ကို သေနတ်ထိမှန်ခဲ့တာပဲ။ ခြေထောက်ဒဏ်ရာက ထုတ်ချင်းပေါက်ထွက်သွားတယ်”ဟု သေနတ်ဒဏ်ရာရရှိသူ အမျိုးသမီး၏ အစ်ကို ဦးကြည်သန်းက ဆိုသည်။
ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် ဒေသခံများ ထွန်တုံးတိုက်ပွဲပြုလုပ်နေစဉ် ကျေးရွာအတွင်းမှ သပိတ်စခန်းရှိ တောင်သူများအား စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ရဲအင်အား ၅ဝ ခန့်ဖြင့် ရွာအတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့ပြီးနောက် သုံးထပ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ရဲတပ်ဖွဲ့ဝ များနှင့် ဒေသခံများညှနှိုင်းရာတွင် ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်း၊ အိမ်ပျက်စီးမှုကို ပြင်ဆင်ပေးရန်၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်းပြီး တရားစွဲပေးရန်၊ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည့် ဒေါ်စန်းကျင်နုအား ဘဝအာမခံချက်ရှိအောင် ဆောင်ရွက်ပေးရန်၊ နောင် မည်သည့်အခါမျှ ဤကဲ့သို့အင်အားသုံး အကြမ်းဖက်မှုမျိုး မလုပ်ပါဟု မန္တလေးတိုင်းဒေသကြီး ဒုတိယရဲမှူးကြီး မြင့်ဦးနှင့် စဥ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးတို့က လက်မှတ်ရေးထိုးပြီး ဝန်ခံကတိပေးခဲ့သည်။
ရဲတပ်ဖွဲ့က ဒေသခံများအား ပစ်ခတ်ခဲ့ရာတွင် သေနတ်သံအနည်းဆုံး အချက် ၃ဝ ခန့် ကြားခဲ့ရပြီး ဒေသခံလေးဦးဒဏ်ရာရရှိကာ တစ်ဦးမှာ ခြေထောက်ထုတ်ချင်းပေါက် သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများဆိုသည်။ ထို့အတူ ဒေသခံများ၏ ပြန်လည်ခုခံမှုကြောင့် စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲမေတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့အချို့ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
တောင်သူများအား ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ခံကတုတ်အဖြစ် အသုံးပြုခံခဲ့ရသော အိမ်ပိုင်ရှင်ဖြစ်သူ ဦးမောင်အောင်က “ကျွန်တော်တို့မရှိခင် အိမ်ကိုဝင်စီးပြီး အိမ်ထဲဝင်ပြီး မှန်တွေခွဲပြီး သေနတ်နဲ့ပစ်ကြတာ။ ကျွန်တော့် လေးနှစ်အရွယ်ကလေးတစ်ယောက် ပျောက်နေလို့ ဝင်ရှာမယ်ဆိုတော့ သေနတ်နဲ့ ချိန်ပြီး ဝင်ခွင့်မပေးဘူး။
ကျွန်တော်လည်း ပစ်ချင်ပစ်ဗျာဆိုပြီး ဝင်ရတယ်။ ကျွန်တော့်အိမ်ထဲမှာ ကျည်ဆန်ခွံ ၁၃ ခုနဲ့ မအောင်တဲ့ ကျည်ဆန်နှစ်ခု ကျန်ခဲ့တယ်”ဟု ဆိုသည်။ ဒေသခံများက ရဲတပ်ဖွဲ့ဝင်များကို ပိတ်ဆို့တားဆီးပြီး ထိန်းသိမ်းထားသောကြောင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးကိုယ်တိုင်သွားရောက်၍ လေးနာရီအကြာ ညှိနှိုင်းခဲ့ပြီး ရွှေဘုံသာဆရာတော် ဦးနန္ဒမာလာနှင့် ဦးရေဝတတို့က သက်သေအဖြစ် ဆောင်ရွက်ခဲ့သည်။
လက်ရှိဖြစ်စဉ်နှင့် ပတ်သက်၍ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်စိုးအား ဒေသခံများနှင့် မီဒီယာများက မည်သူက ပစ်မိန့်ပေးခိုင်းသည်၊ မည်သည့်အတွက်ကြောင့် အင်အားသုံးလာရောက်သည်ဟု မေးမြန်းရာ မည်သို့မျှ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
ယခုဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရရှိခဲ့သော အမျိုးသမီးအား စဥ့်ကူးမြို့နယ်ဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေပြီး ဒဏ်ရာအား ခွဲစိတ်ကုသမှုပြုလုပ်ထားကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment