ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ကျင်းပသည့် မြန်မာပြည်သူ့ဖိုရမ်သို့ ဂုဏ်ပြု သဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ တစ်ဆက်တည်း မှာပင် မြန်မာပြည်သူ့ဖိုရမ် ပေါ်ပေါက်လာအောင် စတင် ကြိုးပမ်း အကောင်အထည်ဖော် ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် မြန်မာပြည်သူ့ဖိုရမ်ကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပုံပေါ်လာစေရန် ပူးပေါင်း ကြိုးပမ်းအားထုတ်ခဲ့ကြသည့် ပုဂ္ဂိုလ်များ အားလုံးကို ချီးကျူး ဂုဏ်ပြုအပ်ပါသည်။ယနေ့ မိမိတို့ လူ့အဖွဲ့အစည်း ဦးတည် ချီတက်နေသည့် ရည်မှန်းချက် ပန်းတိုင်မှာ လွတ်လပ်မှု၊ တရားမျှတမှုနှင့် သဟဇာတ ဖြစ်မှုရှိသော ဒီမိုကရေစီ ထွန်းကားသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးပင် ဖြစ်ပါသည်။ ကိုယ်စားပြုမှုရှိခြင်းနှင့် ပါဝင် လုပ်ဆောင်မှုရှိခြင်းတို့သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် အားလျော်စွာ Government of the people, by the people, for the people ဟူသော ဆောင်ပုဒ်နှင့် အညီ ဖြစ်ပေါ်စေရန်အတွက် မိမိတို့ အစိုးရအနေဖြင့်လည်း စီမံ ဆောင်ရွက်လျက် ရှိပါသည်။ ယခုကဲ့သို့ ပြည်သူလူထု အလွှာစုံ အသီးသီးကို ကိုယ်စားပြုသည့် မြန်မာပြည်သူ့ ဖိုရမ် ကျင်းပနိုင်ခြင်းမှာ အဆိုပါ ဆောင်ပုဒ်ကို အားဖြည့်ရာရောက်သည့်အတွက် ကြိုဆို ရမည် ဖြစ်ပါသည်။ ယနေ့ ကျင်းပသော မြန်မာပြည်သူ့ ဖိုရမ်သည် မိမိတို့နိုင်ငံတွင် ကာလရှည်ကြာ ပျောက်ဆုံးခဲ့သော အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆိုသည့် ကွက်လပ်ကို ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်များနှင့်အညီ ပေါ်ပေါက်လာစေရေး အတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟုလည်း ရှုမြင်မိပါသည်။ အရပ်ဘက် အဖွဲ့အစည်းများ၏ အကြံပြုချက်များနှင့် အပြုသဘော ဆောင်သော ပူးပေါင်းပါဝင်မှုများ အားကောင်းလာသည်နှင့်အမျှ စုပေါင်း လုပ်ဆောင်နိုင်မှု နှင့် ဒီမိုကရေစီ ယဉ်ကျေးမှုများ ပိုမို ထွန်းကားလာပြီး အုပ်ချုပ်ရေးစနစ်များ ပိုမို ထိရောက် ကောင်းမွန်လာသည် ဆိုသည့် သက်သေ သာဓကများသည်လည်း နိုင်ငံတကာ သုတေသနများအရ အခိုင်အမာ ရှိပြီး ဖြစ်ပါသည်။
မိမိတို့နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် အစဉ်အဆက်အားဖြင့် ဒီမိုကရေစီ အလေ့အထများနှင့် ဝေးကွာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။ အများအကျိုး သယ်ပိုး ထမ်းရွက်လိုသော ပရဟိတ စိတ်ဓါတ်များ ထွန်းကားသည့် လူ့အဖွဲ့အစည်းဖြစ်သော်လည်း ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် မတူကွဲပြားမှုများအပေါ် သည်းခံနိုင်စွမ်း (Tolerance) နှင့် အတူကကွ ပူးပေါင်း ဆောင်ရွက်နိုင်မှု (Collective Action) တို့တွင် များစွာ အားနည်းလျက်ရှိပါသည်။ ဒီမိုကရေစီ အခြေကျပြီး ဖြစ်သည့် နိုင်ငံများ၏ လူ့အဖွဲ့အစည်းများသည် စွမ်းဆောင်ရည် မြင့်မားသော အင်စတီကျူးရှင်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေသများအောက်တွင် လူအချင်းချင်း အခြေခံထားရှိရမည့် ယုံကြည်မှု (General Trust) ဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ကြပါသည်။ မိမိတို့နိုင်ငံတွင်မှု မိမိ အဝန်းအဝိုင်း အပေါ်တွင်သာ အခြေခံသော ယုံကြည်မှု (Particularistic Trust) ကိုသာ တည်ဆောက် ထားနိုင်သည့် အခြေအနေ ပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီအခြေခိုင်မာ ရေးအတွက် အရေးကြီးသည့် လူအချင်းချင်း အခြေခံထားရှိရမည့် ယုံကြည်မှု မြင့်တက်လာရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းရမည့် အနေအထားဖြစ်ပါသည်။
ယနေ့ ကျင်းပသည့် မြန်မာပြည်သူ့ဖိုရမ်သည် Weblike Society ဟု ခေါ်ဆိုနိုင်သော ပြည်ထောင်စုတစ်ဝန်းလုံးမှ အလွှာစုံအသီးသီးကို ကိုယ်စားပြုသည့် အသင်းအဖွဲ့များကို စုစည်းချိတ်ဆက်၍ ပြည်သူများ၏ အသံများနှင့် သဘောထားများကို အစိုးရထံ ပေးပို့ တောင်းဆိုခြင်း ဖြစ်ပါသည်။ ထိုသို့ တောင်းဆိုခြင်းအပြင် ပြည်သူများအကြားတွင် လူအချင်းချင်း အခြေခံထားရှိရမည့် ယုံကြည်မှု တည်ဆောက်ရေးကိုလည်း ကြိုးပမ်း အားထုတ်ကြရန် လိုအပ်ပါသည်။
ယနေ့ မြန်မာပြည်သူ့ဖိုရမ်တွင်လည်း အနယ်နယ်အရပ်ရပ်မှ မတူကွဲပြားသော လူထု လူတန်းစား အလွှာစုံများကို ကိုယ်စားပြု တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းများ အကြားတွင် ရင်းနှီးမှုကို အခြေခံသော နားလည်မှုများ တည်ဆောက်နိုင်ကြမည်ဟု ယုံကြည်ပါသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်ပေးခြင်းဖြင့် သည်းခံ နိုင်စွမ်းလည်း ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။ သည်းခံနိုင်စွမ်း မြင့်မားလာသည်နှင့်အမျှ တစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးကို အခြားသူ တစ်ဦးလည်း ရထိုက်သည်ဟူသော ယုံကြည်မှုကို တည်ဆောက်လာနိုင်မည် ဖြစ်ပါသည်။ ဤသို့ဖြင့် မိမိတို့နိုင်ငံအတွက် အထူး လိုအပ်လျက်ရှိသော လူအချင်းချင်း အခြေခံထားရှိရမည့် ယုံကြည်မှုကို မြှင့်တင်နိုင်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်မှုမှာ မိမိတို့နိုင်ငံ ရှေ့ဆက်သွားနိုင်မည့် ဒီမိုကရေစီ တည်ဆောက်ရေးတွင် အဓိက မောင်းနှင်အား တစ်ရပ်ဖြစ်ပြီး Inclusive Process ကို မိမိတို့အစိုးရအနေဖြင့် သာမက ပြည်သူလူထု တစ်ရပ်လုံး ကပါ ဆောင်ကြဉ်းပေးနိုင်ရေး အတွက် ဤ မြန်မာပြည်သူ့ ဖိုရမ်က များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့ အပ်ပါသည်။
သိန်းစိန်
နိုင်ငံတော်သမ္မတ
http://www.president-office.gov.mm/
Friday, December 12, 2014
နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က မြန်မာပြည်သူ့ဖိုရမ်သို့ ပေးပို့သည့် သဝဏ်လွှာ
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment