တရုတ်နိုင်ငံတွင် ကုမ္ပဏီပိုင်ရှင်အတွက် လိုအပ်သော အရောင်းပစ္စည်းများကို ရည်မှန်းချက်ပြည့်မီအောင် မရောင်းချနိုင်ခဲ့မှုကြောင့် ၀န်ထမ်းများကိုပါ လမ်းပေါ်တွင် မှောက်လျက် မိကျောင်းသွားဝပ်တွားခိုင်းခဲ့သည်။ တရုတ်ပြည်အလယ်ပိုင်း ကျာန်းကျိုမြို့တွင်ရှိသည့် ရေကန်ကြီးဘေးတွင် ဒူးနှင့်လက်များကို ဖြန့်ကားထားကြ သည့် ဒါဇင်လိုက်ရှိသော ၀န်ထမ်းများ၏ပုံရိပ်များ အောက်တိုဘာ ပထမပတ်က ထွက်ပေါ်လာခဲ့သည်။၎င်းတို့၏ အရောင်းရည်မှန်းချက် ပြည့်မမီသောကြောင့် အပြစ်ပေးသည့်အနေနှင့် ယခုကဲ့သို့ ၀မ်းလျားမှောက် ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၀န်ထမ်းကိုယ်စားလှယ်တဦးက ပြည်သူ့နေ့စဉ်သတင်းကို ပြောပြခဲ့သည်။ ယင်းဖြစ်ရပ်မှာ လူအများစုက အမျိုးသားနေ့ အားလပ်ရက်အဖြစ် ခရီးထွက်နေကြသည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြို့၏စီးပွားရေး ဗဟိုချက်ကျသော နေရာတွင်ရှိသည့် ၂၃ ဧကကျယ်သော ပင်လယ်ထုံးအိုင် ရေကန်ကို တပတ်ပြည့်အောင်မှောက်လျက် လေးဘက်ထောက်ပြေးရန် အလုပ်သမားများကို စေခိုင်းခဲ့သည်။ ဤကဲ့သို့ အရှက်တကွဲဖြစ်စေမည့် အပြစ်ပေးမှုတွင် ၀န်ထမ်းများမှာ အင်္ကျီ၊ ဘောင်းဘီများစုတ်ပြတ်သည်အထိ ခံစား ကြရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပြသည်။ ၀န်ထမ်းတဦးမှာ ပင်ပန်းဆင်းရဲမှုဒဏ်ကြောင့် လမ်းဘေး တွင် ထိုင်ငိုနေသည်ကို တွေ့ရသည်။ အမည်မဖော်ပြထားသော ယင်းတရုတ်ကုမ္ပဏီက ၀န်ထမ်းများ အပြစ် ဒဏ်ပေးရာတွင် ခိုင်းစေသည့်အတိုင်း ပြီးအောင်လုပ်၊ မလုပ် စောင့်ကြည့်ရန် ကြီးကြပ်ရေးမှူးတဦးကို တာဝန် ပေးထားသည်။
အလုပ်သမားများကို ယင်းကဲ့သို့ မညှာမတာအပြစ်ပေးသည့်ဓာတ်ပုံများ တရုတ်-အင်တာနက်တွင် ပေါ်လာခဲ့ပြီး နောက် ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာသည်။ တရုတ်မီဒီယာများနှင့် အင်တာနက် အသုံးပြုသူများကလည်း ယခုကဲ့သို့ အပြစ်ပေးမှုအပေါ် ဒေါသဖြစ်နေကြသည်။ လူမဆန်သောလုပ်ရပ်ဟု ဝေဖန်သူများလည်း ရှိသည်။
ထွဋ်ဝင်းထွဋ်
Daily mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)










0 comments:
Post a Comment