အောက်တိုဘာ ၇ ရက်က ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကေအိုင်အေလက်နက်ကိုင် အဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားလာရခြင်းမှာ အရပ်သားနှစ်ဦး အသတ်ခံရမှုနှင့် သက်ဆိုင်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဆင်ရေး အကြီးတန်း အရာရှိ တစ်ဦးက “မနေ့က ဖားကန့်မှာ ပစ်ခတ်မှုတွေ အနည်းငယ် ရှိခဲ့ပါတယ်။ အောင်လင်းရွာဘက်ရယ်။ ဖားကန့်တောင်ဘက် ဂရားယန်ဘက်ပေါ့။ ဖြစ်ရတဲ့ အကြောင်းအရင်းက ရှမ်းအဖွဲ့က လူတစ်ယောက်ကို ဟိုတစ်နေ့က ပစ်သတ်သွားတယ်။ နောက်နေ့မှာ ပစ်သတ်သွားတာ ရှိပါတယ်။ မနေ့ကလည်း ဌေးမြန်မာ ကုမ္ပဏီကို လက်နက်ကိုင် ၁၅ ဦးက လာပြီး သေနတ်နဲ့ ချိန်ပြီး မီးလာရှို့သွားတယ်။ ကျွန်တော်တို့ တပ်ကတော့ ဖားကန့်ဝန်းကျင်မှာ ရှင်းတာပါ။ ရှင်းတဲ့အချိန် တွေ့တာပေါ့။ ရှင်းလင်းမှု လုပ်ရင်းနဲ့ ထိတွေ့မှု ဖြစ်တာပါ” ဟု ပြောကြားသည်။
ဖားကန့်ဒေသတွင် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်များတွင် နှစ်ရက်ဆက်တိုက် လူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း၊ သေဆုံးသူ နှစ်ဦးလုံးမှာ အရပ်သားများဖြစ်ပြီး ကျောက်လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။
ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးက ဖားကန့်ဒေသတွင် တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ကေအိုင်အိုဗဟိုမှ မည်သည့်ညွှန်ကြားချက်မှ မရှိသေးကြောင်း၊ ဖြစ်ပွားရသည့် အကြောင်းအရင်းကို သေချာစွာ မသိရှိရသေးကြောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့ရုံးမှ အရာရှိတချို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့များမှာ လက်ရှိတွင် တွေ့ဆုံရန် မရှိသေးကြောင်း ပြောကြားသည်။
Eleven Media Group
Friday, October 9, 2015
ဖားကန့်တိုက်ပွဲ ပြန်ဖြစ်မှု အရပ်သားနှစ်ဦး အသတ်ခံရမှုနှင့် သက်ဆိုင်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦး ပြောကြား
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment