Wednesday, April 18, 2018

ခိုးဝင်ဘင်္ဂါလီများကို ပြန်ခေါ်ရေးအတွက် မြန်မာကို ထပ်မံဖိအားပေးကြပါရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က လန်ဒန်တွင် ထပ်မံပြော


ခိုးဝင်ဘင်္ဂါလီများကို ပြန်လည်ခေါ်ယူသွားရေးအတွက် မြန်မာကို ထပ်မံ၍ ဖိအားပေးကြပါရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လန်ဒန်တွင်ကျင်းပသော အခမ်းအနားတစ်ခုတွင် တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

နိုင်ငံတကာဖိအားများအောက်ကို ရောက်နှင့်နေပြီးသား ဖြစ်သော မြန်မာနိုင်ငံကို ခိုးဝင်ဘင်္ဂါလီများအရေးအတွက် ထပ်မံဖိအားပေးရန် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်၏ခေါင်းဆောင်က အကြိမ်ကြိမ်အခါခါ တိုက်တွန်းပြောဆိုခဲ့မှုများအပြင် ယခုတစ်ကြိမ်လည်း လန်ဒန်တွင် ဧပြီလ ၁၇ ရက်က ကျင်းပခဲ့သည့်အခမ်းအနားတစ်ခု၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြလာသည်။ 

" နိုင်ငံတကာအဖွဲ့ အစည်းတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုပြီး ဖိအားပေးတိုက်တွန်းကြဖို့ လိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံဘက်က သူတို့ လူတွေကို ပြန်လည်ခေါ်ယူသွားမှာ ဖြစ်ပြီး လုံခြုံမှုလည်း ရှိစေမှာပါ " ဟု ရှိတ်ဟာဆီနာက ပြောသည်။ မြန်မာဘက်ခြမ်းက ပြန်ခေါ်ရန်လိုအပ်နေသည့် ဘင်္ဂါလီဦးရေမှာ ၇ သိန်းနီးပါးရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း၌ မြန်မာတပ်မတော်က ဘင်္ဂါလီများကို အကြမ်းဖက်နှိမ်နှင်းမှုများလုပ်ခဲ့သောကြောင့် ကြောက်ရွံပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်ရှောင်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ " မြန်မာဘက်ကပြောတာတော့ သူတို့ ဘက်က ပြန်ခေါ်ဖို့ အသင့်ဖြစ်နေပြီတဲ့။ ဒါပေမယ့် ခုထိ သူတို့ စနစ်တကျ ပြန်မခေါ်နိုင်သေးဘူး " ဟု ရှိတ်ဟာဆီနာက မြန်မာနိုင်ငံကို အပြစ်တင်ပြောဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်ပြီးသား ဘင်္ဂါလီ ၈၀၀၀ ကို မြန်မာဘက်က ပြန်ခေါ်နိုင်စေရန် စီစဉ်ပေးခဲ့သော်လည်း မြန်မာဘက်က ယင်းပမာဏာအားလုံးကို ပြန်ခေါ်ရန် ငြင်းဆိုထားသည်ဟု ၄င်းကဆက်လက်ပြောကြားသည်။ မြန်မာအာဏာပိုင်များအနေဖြင့် ဘင်္ဂါလီများကို ပြန်လည်ခေါ်ယူ၍ လုံခြုံစိတ်ချပြီး အာမခံချက်ပြည့်ဝသော စောင့်ရှောက်မှုမျိုး လုပ်ဆောင်သွားရန် လိုအပ်နေကြောင်းလည်း ဆိုသည်။

Iris 
AKonThi

0 comments:

Post a Comment