ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ပြီး အမှိုက်ပုံအောက်ခြေမှ ထွက်ရှိသည့် အပူငွေ့များကို ဆက်လက် စောင့်ကြည့်၍ ငြှိမ်းသတ် လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက ''ဒီနေ့ဆိုရင် အပူငွေ့ထွက်တဲ့နေရာတွေကို ပေါက်တူး၊ ထွန်ခြစ်တွေနဲ့ တူးဆွပြီး ရေနဲ့ ငြှိမ်းသတ်ခဲ့တယ်၊ ဇုန်အားလုံးကို အဖွဲ့တွေခွဲပြီး လက်စသတ်နိုင် ခဲ့ပါတယ်၊ လက်ရှိမှာတော့ စိတ်ချရလောက်တဲ့ အနေအထားပါပဲ၊ ဒါပေမယ့် ဧရိယာကျယ်ပြန့်တဲ့အတွက် အပူငွေ့ထွက်ရှိမှု အခြေအနေကို ဒီနေ့ ညနဲ့ မနက်ဖြန်မနက်ပိုင်းအထိ စောင့်ကြည့်မယ်၊ နောက်ထပ် အပူငွေ့ ထွက်တာတွေရှိရင် ငြှိမ်းပြီး ညနေပိုင်းမှာတော့ သက်ဆိုင်ရာကို ပြန်လည် အပ်နှံသွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ စက်ယန္တရားကြီးများကို အသုံးပြု၍ စောင့်ကြည့်ငြှိမ်း သတ်မှုများ ပြုလုပ်လျက် ရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ''ဒီနေ့မှာတော့ မီးသတ်တပ်ဖွဲ့ရဲ့ စောင့်ကြည့်မှု အခြေအနေ ငါးရက်မြောက်ရှိပါပြီ၊ စောင့်ကြည့်ငြှိမ်းသတ်မှု ကာလအတွင်း ဇုန်လေးဇုန်လုံးမှာ အပူရှိန်ကြောင့်ထွက်ရှိတဲ့ မီးခိုးငွေ့တွေကို မီးသတ် တပ်ဖွဲ့ နောက်ချန်အင်အားတွေနဲ့အတူ ကျွန်တော်တို့ YCDC ဝန်ထမ်း လေးရာလောက်က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါတယ်''ဟု ပြောသည်။
မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း အမှိုက်ပုံအတွင်းပိုင်းမှ လောင်ကျွမ်းနေမှုနှင့် မီးခိုးများ ထွက်ရှိနေမှုတို့ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ဧပြီ ၂၉ ရက်မှ စတင်၍ (A,B,C,D)ဇုန်များ ပိုင်းခြားသတ်မှတ်ကာ တစ်ရက်လျှင် တစ်ဇုန်နှုန်းဖြင့် ငြှိမ်းသတ် နိုင်ခဲ့ခြင်းဖြစ်ကာ ဆက်လက် စောင့်ကြည့်မှုများ ပြုလုပ်၍ အမှိုက်ပုံအောက်ခြေမှ ထွက်ရှိသည့် အပူငွေ့ များကို ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
Credit - ပြန်ကြားရေးဝန်ကြီးဌာန
The Ladies News







0 comments:
Post a Comment