ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ အောင်လော့ဒ်ဒေသတွင် တစ်လကြာခန့် ပိတ်မိနေသူ ၆၀၀ ခန့်လွတ်မြောက်လာပြီး အချို့မှာလည်း ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း ယင်းပိတ်မိနေသူများ ကူညီကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါ အောင်လော့ဒ်ဒေသမှ မြစ်ကြီးနားမြို့သို့ ၁၂၂ ဦး၊ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာသို့ ၂၀၀ ကျော်နှင့် တနိုင်းမြို့သို့ ၂၆၀ ကျော် ရောက်ရှိလာခဲ့ပြီး ဒေသခံအချို့မှာ အဆက်အသွယ် မရရှိသေးကြောင်း တနိုင်းဒေသ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးနော်တောင်က ပြောကြားသည်။
“မနေ့ညတော့ ၃၀၀ ပတ်ဝန်းကျင် ထွက်လာပြီ။ ဒီနေ့ တနိုင်းမှာ ၂၆၀ ကျော် ရောက်မယ်။ ကျွန်တော်တို့ ဆက်သွယ်လို့ ရတာက အဲဒီလောက်ပါပဲ။ ကျန်တဲ့လူတွေကတော့ ဆက်သွယ်မလာသေးဘူး။ ဒီဘက်က ဆက်သွယ်လို့မရဘူး။ တချို့တွေကတော့ ကိုယ့်နည်းကိုယ့်ဟာနဲ့ ထွက်လာကြတယ်”ဟု ၎င်းကဆိုသည်။
တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသအတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဧပြီလ ၁၁ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယင်းဒေသခံ ပြည်သူတစ်ထောင်ခန့်မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တပ်မတော်တို့က အောင်လော့ဒ်ကျေးရွာသားများ မိမိသို့နေရပ်သို့ ပြန်လည်နေ နိုင်ပြီဟုဆိုခဲ့သော်လည်း ဒေသအခြေအနေ ကို စိတ်မချရသေးသည့်အတွက် ဒေသခံ များအနေနှင့် နေရပ်သို့ မပြန်နိုင်သေးဘဲ တိမ်းရှောင်နေဆဲဖြစ်ပြီး ယခုကဲ့သို့ ထွက်ပြေးလွတ်မြောက်လာခြင်းလည်း ဖြစ်သည်။
ကချင်လူငယ်များကလည်း တိုက်ပွဲ ကြားပိတ်မိနေသော ဒေသခံများ အားလုံး လွတ်မြောက်နိုင်ရေးအတွက် အစိုးရက ကူညီဆောင်ရွက်ပေးရန် မြစ်ကြီးနားမြို့ မနောကွင်းတွင် သပိတ်စခန်းဖွင့် တောင်းဆိုလျက်ရှိသည်။
ဖားကန့်မြို့နယ်၊ လိုင်နှောင်ခူး ဒေသအတွင်း ပိတ်မိနေသော ပြည်သူတစ်ရာကျော်မှာလည်း ယခုအခါပြန်လည် လွတ်မြောက်လာပြီဖြစ်သည်။
The Voice







0 comments:
Post a Comment