Wednesday, May 9, 2018

ကုန်ဈေးနှုန်းကျဆင်းရေး သီးခြားစီမံချက်မရှိဟု ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီးပြော


ကုန်ဈေးနှုန်းကျဆင်းရေးစီမံချက်ဆိုပြီးတော့ သီးခြားစီမံချက်မရှိပါကြောင်းနဲ့  နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင် ကုန်ဈေးနှုန်းကျဆင်းလာနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရ  စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောပါတယ်။

မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ် ဦးလှဌေးက စီးပွားရေးပိုပြီး ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကုန်ဈေးနှုန်း ကျဆင်းစေရေးအတွက် တိုင်းနဲ့ဆိုင်တဲ့ စီမံချက်၊ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ရှိ၊ မရှိမေးခဲ့တဲ့အပေါ် ၀န်ကြီးက ပြန်လည်ဖြေကြားသွားတာပါ။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) အနေနဲ့ အထည်ချုပ် လုပ်ငန်းတွေ တိုးတက်အောင်မြင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုမိုရရှိ လာနိုင်မှာကြောင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ကုန်ဈေးနှုန်းကျဆင်းစေရေးကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဈေးကွက်စီးပွားရေးစနစ်အရ ဈေးနှုန်းတွေဟာ ရောင်းလိုအားနဲ့ ဝယ်လိုအားပေါ်မူတည်လို့  အတက်အကျရှိနိုင်ပြီး ကုန်ဈေးနှုန်းတွေအဓိက ကြီးမားရတာကတော့ ကုန်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေ ဈေးနှုန်းကြီးမြင့်တာ၊ သယ်ယူပို့ဆောင်ခနဲ့ ဝန်ဆောင်ခတွေကြီးတာ၊ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားတွေ လုံလုံလောက်လောက် မရတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ကုန်ထုတ်လုပ်မှု စရိတ်စကတွေ လျော့ကျစေရေးအတွက် ကုန်ကြမ်း စရိတ်ကျဆင်းရေး၊ သယ်ယူပို့ဆောင်ခ ကျဆင်းရေး၊ တဦးကျ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး သယ်ယူပို့ဆောင်ခ ကျဆင်းရေးအတွက် ရန်ကုန်တိုင်းထဲမှာ တချို့တံတားဖြတ်သန်းခ ကောက်ခံမှုတွေကို ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်နေလို့ စက်သုံးဆီဈေးနှုန်းနဲ့ ရောင်းဝယ်မှု အခြေအနေတွေကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ စက်သုံးဆီဆိုင်တွေ ရောင်းဝယ်မှုကို စီမံကိန်းရေးဆွဲရေး ဦးစီးဌာနက ပြုစုနေတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်မှုတိုးတက်နိုင်ရေးအတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်တဲ့ ရေရရှိရေးတို့ကိုလည်း ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

၂၀၁၇- ၁၈ ဘဏ္ဍာနှစ် မတ်လ အထိ ရန်ကုန်တိုင်းထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားတဲ့ လုပ်ငန်းအရေအတွက် ၁၄၃ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၂၁ သန်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအရ ခွင့်ပြုထားတဲ့ လုပ်ငန်းအရေအတွက် ၄၅ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် သန်းပေါင်း ၈၅၁၀၀၀ ရှိတယ်လို့သိရပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ လူပေါင်း ၈၀၃၄၃ ယောက် အလုပ်အကိုင်ရခဲ့တယ် လို့လည်း ၀န်ကြီးရဲ့ပြောကြားချက်အရသိရပါတယ်။

DVB

0 comments:

Post a Comment